ဦးပိုင်ကုမ္ပဏီထုတ် Keen Beer မသောက်ကြဖို့ JFM တိုက်တွန်း
2024.04.30
မြန်မာစစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်က အသစ်ထုတ်လိုက်တဲ့ Keen Beer ကို မသောက်သုံးဘဲ သပိတ်မှောက်ဖို့ Justic for Myanmar (JFM) က ဧပြီလ ၃၀ ရက်နေ့က ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။
အခုအသစ်ထုတ်လုပ်လိုက်တဲ့ Keen Beer ဟာ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် (MEHL) နဲ့ Super Six International Company Limited တို့ အကျိုးတူပူးပေါင်းပြီး ထုတ်လုပ်နေတာလို့ ဆိုပါတယ်။
မြန်မာဘီယာကို အဓိက ထုပ်လုပ်နေတဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် (MEHL) က လုပ်ငန်းခွဲအသစ်အနေနဲ့ Keen Beer ကို စျေးကွက်ထဲ မိတ်ဆက် ဖြန့်ချိလာတာ ဖြစ်ပါတယ်။
မြန်မာစစ်တပ်က အကြမ်းဖက်လုပ်ငန်းတွေကို ကျူးလွန်နေတဲ့အတွက် စစ်တပ်ပိုင် ကုန်ပစ္စည်းတွေဖြစ်တဲ့ မြန်မာဘီယာ၊ ဒဂုံဘီယာ၊ Andaman Gold၊ Mandalay Beer၊ Black Shield စတဲ့ အမှတ်တံဆိပ်တွေနဲ့
တခြားစစ်တပ်ထုတ်ကုန်တွေကိုလည်း ပြည်သူတွေ ဝယ်ယူအားမပေးဘဲ သပိတ်မှောက်ကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။