ခင်ဦးမြို့ မြကန်ရွာ ဒေသခံရှစ်ရာနီးပါး ထွက်ပြေးရ
2023.02.07

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မြကန်ရွာကို ဖေဖော်ဝါရီလ ၇ ရက်နေ့ မနက်ပိုင်း စစ်ကြောင်းဝင်ရောက်လာလို့ မြကန်ရွာခံတွေအပြင် အခြားရွာတွေကနေ ထွက်ပြေးရောက်ရှိနေတဲ့ စစ်ဘေးဒုက္ခသည် စုစုပေါင်း ၈၀၀ ခန့် ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးအပါအဝင် အင်အား ၅၀ ဝန်းကျင်ပါ စစ်ကြောင်း မနက် ၇ နာရီခွဲဝန်းကျင် ရွာထဲ ဝင်ရောက်လာပြီး ရွာခံ ကိုခင်မောင်ဌေးဆိုသူကို PDF လို့စွပ်စွဲပြီး သူ့နေအိမ်ကိုပါ မီးရှို့သွားတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
" မြကန်ရွာကို သူတို့နှစ်ဖွဲ့ပေါင်းပြီး ဝင်တယ်။ ကိုခင်မောင်ဌေးရဲ့ အိမ်တစ်လုံးကို မီးရှို့သွားတယ်။ ဟိုရွာကနေ ပြောင်း၊ ဒီရွာကနေပြောင်းရှိတော့ လူဦးရေ ၈၀၀ ဝန်းကျင် အဲဒီရွာမှာ ရှိတယ်။ လောလောဆယ်တော့ ၈၀၀ လောက်ပြေးရတာပေါ့"
ဒီမြကန်ရွာဟာ အရင်ကအိမ်ခြေ ၁၀၀ ကျော်နဲ့ လူဦးရေ ၅၀၀ ခန့်သာရှိပေမယ့် အခြားရွာတွေက ထွက်ပြေးလာကြရတဲ့ ဒေသခံတွေ လာရောက်နေထိုင်ရင်း လူဦးရေ ၈၀၀ ခန့်ရှိနေတာလို့ ဆိုပါတယ်။
မြကန်ရွာကို ဝင်ရောက်ခဲ့တာ ဘယ်စစ်ကြောင်းလဲ တိတိကျကျမသိရပေမယ့် ခင်ဦးမြို့နယ်ထဲက ပျုစောထီးရွာလို့ ပြောကြတဲ့ ရွာသစ်ကုန်းရွာနဲ့ မြင်းဒေါင်းအနီး မိုးတိမ်ချောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီစစ်ကောင်စီတပ်ဟာ ဖေဖော်ဝါရီ ၇ ရက်နေ့၊ နေ့လယ် ၁၁ နာရီခွဲဝန်းကျင် ရွာကနေ ပြန်ထွက်ခွာသွားပေမယ့် လုံခြုံရေးအခြေအနေ စိတ်မချရသေးတာကြောင့် ရွာထဲပြန်မဝင်ရဲကြသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးကတော့ အဲဒီစစ်ကြောင်း မြကန်ရွာထဲမဝင်ခင် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
ဒါပေမဲ့ လုံခြုံရေးကိစ္စတွေကို သတင်းထုတ်ပြန်လေ့မရှိဘူးလို့ ဦးအေးလှိုင်က RFA ကို အရင်က ဖြေဆိုဖူးပါတယ်။
ဖေဖော်ဝါရီ ၆ ရက်နေ့ကလည်း အဲဒီစစ်ကြောင်းဟာ ခင်ဦးမြို့နယ်၊ မြင်းဒေါင်းရွာကို ဝင်ရောက်ခဲ့တာကြောင့် ဒေသခံ ၅၀၀ ဝန်းကျင် ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။