ခင်ဦးမြို့နယ်မှာ စစ်ကြောင်းထိုးမီးရှို့နေလို့ ဒေသခံရှစ်ထောင်ကျော် ထွက်ပြေးရ
2023.07.07

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် အနောက်ခြမ်းနဲ့ အရှေ့ခြမ်းကရွာတွေကို ဇူလိုင်လ ၇ ရက် ဒီနေ့မှာ စစ်ကောင်စီတပ် စစ်ကြောင်းနှစ်ကြောင်း ဝင်ရောက်ပြီး ရွာတွေကို မီးရှို့နေလို့ အရပ်သားတွေ ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အင်အား တစ်ရာကျော်ပါတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းက ခင်ဦးမြို့နယ် အရှေ့ခြမ်းက ကုန်းကြီးနဲ့ လယ်သစ်တောရွာတွေကို ဇူလိုင်လ ၆ ရက်နေ့မှာ မီးရှို့ခဲ့ပြီး ဒီနေ့မှာတော့ ဝက်သဲရွာဘက်ကို ဆက်လက် စစ်ကြောင်းထိုးနေတာလို့ ဆိုပါတယ်။
ဝက်သဲရွာဘက်ကို စစ်ကြောင်းထိုးစဉ် တောထဲက စစ်ဘေးဒုက္ခသည်တွေနေတဲ့ တဲတွေကို မီးရှို့နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ခင်ဦးမြို့နယ် အနောက်ခြမ်းမှာတော့ အင်အား ငါးဆယ်လောက်ပါတဲ့ စစ်ကြောင်းက ဇူလိုင်လ ၇ ရက် ဒီနေ့မနက်မှာ မြကန်ရွာကို မီးရှို့နေတယ်လို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
“ကုန်းကြီးရွာက စစ်ကြောင်းက အခု ဝက်သဲတို့ တမာတို့ဘက်ရောက်သွားပြီ အဲဒီဘက်ကလူတွေ ဆက်ပြေးနေရတယ်။ အနောက်ဘက်ခြမ်းမှာလည်း စစ်ကြောင်း နောက်တစ်ကြောင်းဝင်ပြီး မြကန်ရွာကို မီးရှို့နေတယ် အခု မီးခိုးမြင်နေရတယ်ပေါ့နော်”
အခုစစ်ကြောင်းတွေကြောင့် ခင်ဦးမြို့နယ် အရှေ့ခြမ်းနဲ့ အနောက်ခြမ်းက စစ်ကြောင်းထိုးရာလမ်းကြောင်း အနီးတစ်၀ိုက်ရွာတွေက ဒေသခံ ရှစ်ထောင်ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သူက ဆိုပါတယ်။
ဇူလိုင်လ ၆ ရက် မီးရှို့ခံရမှုမှာတော့ ကုန်းကြီးရွာက မီးလောင်ပြင်မှာ မီးကျွမ်းနေတဲ့ အလောင်းတစ်ခုကိုတွေ့ခဲ့ရပြီး ဒီတစ်ဦးအပြင် နောက်ထပ် သတ်ဖြတ်ခံရသူတွေလည်း ထပ်ရှိနိုင်တယ်လို့ ဒေသခံတွေ ပြောပါတယ်။
ကုန်းကြီးရွာက နေအိမ် ၂၅ လုံး၊ လယ်သစ်တောရွာက နေအိမ်နှစ်လုံး အပါအဝင် ကုန်ကြီးရွာက ကြက်မွေးမြူရေးခြံ ၁၂ ခြံလည်း မီးရှို့ခံခဲ့ရပြီး အသားစားကြက် (CP) အကောင်ရေ လေးသောင်းကျော် ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ ဦးစောနိုင်ကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။
အာဏာသိမ်း နှစ်နှစ်ကျော်အတွင်း ခင်ဦးမြို့နယ်မှာ ရွာပေါင်း ၇၆ ရွာက နေအိမ်ပေါင်း ခြောက်ထောင်ဝန်းကျင် မီးရှို့ဖျက်ဆီးခံထားရပြီး အရပ်သားသုံးသောင်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေး အဖွဲ့တွေက ပြောပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃ ရက် စာရင်းအရ အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းက ဒေသခံ ၇၆၅,၂၀၀ ဦး နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။