ခင်ဦးမြို့ ကန်သစ်ရွာ လေးကြိမ်မြောက်မီးရှို့ခံရပြီး နေအိမ် ၆၀ ကျော်ထပ်မံပျက်စီး

RFA Burmese
2023.06.06
ခင်ဦးမြို့ ကန်သစ်ရွာ လေးကြိမ်မြောက်မီးရှို့ခံရပြီး နေအိမ် ၆၀ ကျော်ထပ်မံပျက်စီး မီးရှို့ခံခဲ့ရသည့် ကန်သစ်ရွာမှ နေအိမ်များကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့က တွေ့ရစဉ်။
ကိုလူချော

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ကန်သစ်ရွာကို ဇွန်လ ၄ ရက်နေ့က စစ်ကောင်စီတပ်သားတွေ လေးကြိမ်မြောက် မီးရှို့ခဲ့တာကြောင့် နေအိမ် ၆၃ လုံးထပ်မံပျက်စီးခဲ့ရတယ်လို့ ခင်ဦးဒေသခံတွေက RFA ကိုပြောပါတယ်။

အဲဒီရွာဟာ ၂၀၂၂ ခုနှစ်၊ ဇွန်လကနေ ၂၀၂၃ ဇွန်လအထိ တစ်နှစ်အတွင်း လေးကြိမ် မီးရှို့ဖျက်ဆီးခံရတာကြောင့် နေအိမ်စုစုပေါင်း ၃၂၈ လုံး မီးလောင်ပျက်စီးခဲ့ပြီလို့ ဒေသခံတွေက ပြောပါတယ်။

အင်အားတစ်ရာခန့်ပါ စစ်ကြောင်းဟာ ဇွန်လ ၁ ရက်နေ့ကတည်းက ခင်ဦးမြို့နယ် ရွာသစ်ရွာထဲကို ဝင်ရောက်ပြီး နေအိမ်ခုနစ်လုံးကို မီးရှို့ခဲ့သလို အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးကိုပါ သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီစစ်ကြောင်းဟာ ရွာစဉ်တစ်လျှောက် စစ်ကြောင်းထိုးလာပြီးနောက် ဇွန်လ ၄ ရက်မှာ ကန်သစ်ရွာကို ရောက်ခဲ့တာလို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ကန်သစ်ရွာခံတစ်ဦးက RFA ကိုပြောပါတယ်။

“ဝင်လာတဲ့စစ်ကြောင်းက ရွာမှာညအိမ် တပ်စွဲသွားသေးတယ်။ မီးရှို့သွားတာအကုန် ဘာမှမကျန်ဘူး။ ဒီတစ်ခါနဲ့ဆို လေးခါရှိပြီ။ စစ်ကြောင်းက မရှိတော့ဘူး ရွာကလူတွေတော့ အိမ်ပြန်နေကြပြီ”

ဇွန်လ ၆ ရက်နေ့ ဒီနေ့မနက်မှာတော့ စစ်ကြောင်းဟာ ကန့်ဘလူမြို့နယ်ဘက်အခြမ်းကို ထွက်ခွာသွားပြီလို့ ဒေသခံတွေကပြောပါတယ်။

ဇွန်လ ၂ ရက်နေ့က မရမ်းအင်းရွာအနီးမှာ PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ခဲ့သေးတယ်လို့ ခင်ဦးအခြေစိုက် PDF တပ်ဖွဲ့တွေကပြောပါတယ်။

မရမ်းအင်း၊ အောင်သာ၊ အင်းပေါက်၊ မုံတော၊ ကန်သစ်စတဲ့ရွာ ၁၇ ရွာနီးပါးက ဒေသခံတစ်သောင်းကျော်ကတော့ စစ်ကြောင်းထိုးလာတာနဲ့ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပေမယ့် တချို့ကတော့ ရွာတွေထဲ ပြန်သွားကြပြီလို့ ဒေသခံတွေကပြောပါတယ်။

ဒီအခြေအနေအပေါ် စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာမရှိသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူကို RFA ကတယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒေသခံတွေရဲ့နေအိမ်တွေကို သူတို့တပ်သားတွေ ဘယ်တော့မှမီးမရှို့ဘူးလို့ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ RFA က မေးမြန်းချိန်မှာ ငြင်းဆိုထားဖူးပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့အထိ ခင်ဦးမြို့နယ်ထဲမှာရှိတဲ့ ရွာ ၇၄ ရွာက နေအိမ်ခြောက်ထောင်နီးပါး မီးရှို့ဖျက်ဆီး ခံခဲ့ရတယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဇွန်လ ၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။