ခင်ဦးမှာ စစ်ကြောင်းထိုးပစ်ခတ်မှုကြောင့် ဒေသခံ ခြောက်ထောင်ကျော် ထွက်ပြေးနေရ

RFA Burmese
2023.08.24
ခင်ဦးမှာ စစ်ကြောင်းထိုးပစ်ခတ်မှုကြောင့် ဒေသခံ ခြောက်ထောင်ကျော် ထွက်ပြေးနေရ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများမှ ထွက်ပြေးတိမ်းရှောင်လာကြသည့် ဒေသခံများကို ၂၀၂၃ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က တွေ့ရစဉ်။
ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ထဲက ကျေးရွာတွေကို ဩဂုတ်လ ၂၅ ရက် ဒီနေ့မှာ စစ်ကောင်စီတပ် စစ်ကြောင်း နှစ်ခုက ဝင်ရောက်စီးနင်းနေတာကြောင့် ရွာပေါင်း ခုနစ်ရွာခန့်က ပြည်သူ ခြောက်ထောင်ကျော် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ခင်ဦးမြို့ပေါ်ကို ရောက်နေတဲ့ အင်အား တစ်ရာခန့်ပါ ခမရ (၃၆၁) စစ်ကြောင်းဟာ မြို့ရဲ့ အရှေ့မြောက်ဘက်က ပင်ဒင်းရွာအနီးကို စစ်ကြောင်းထိုးလာလို့ ပင်ဒင်းရွာအပါအဝင် အနီးအနားက ရွာသုံးရွာက ဒေသခံ ၂၅၀၀ ကျော် တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

နောက်ထပ် အင်အား တစ်ရာခန့်ပါ ခမရ (၇၀၁၊ ၇၀၂၊ ၇၀၈) စစ်ကြောင်းကလည်း ရွှေဘိုမြို့နယ် သရက်ပင်ဝန်း ရွာဘက်ကနေ ခင်ဦးမြို့နယ် အနောက်တောင်ခြမ်း ရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ခင်ဦးမြို့နယ်ထဲက ကြာပင်အိုင်၊ ညောင်ပင်ကြီးစု၊ သိန်တော် စတဲ့ရွာတွေက ဒေသခံ ၃၅၀၀ ကျော် ထွက်ပြေးနေရတာလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ရွှေဘိုနယ်ကလာတဲ့ စစ်ကြောင်းက အခု ကြာပင်အိုင်နားကို ရောက်နေပြီး နောက်တစ်ကြောင်းက ပင်ဒင်းရွာ အနောက်ဘက်မှာ။ အခုရက်ပိုင်း ခင်ဦးနယ်ထဲကို နေ့စဉ်ရက်ဆက် စစ်ကြောင်းထိုးနေတယ်လို့ ပြောလို့ရတယ်။ ကြားထဲမှာ တစ်ရက်ပဲနားတယ်”

ဩဂုတ်လ ၂၂ ရက်နေ့ကတော့ ခင်ဦးမြို့နယ် အောင်သာရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်ရောက်စီးနင်းလို့ အနီးတစ်၀ိုက်ရွာတွေက ဒေသခံတွေ ထွက်ပြေးကြစဉ် မရမ်းအင်းရွာက အဘိုးအိုတစ်ဦး ပြေးလွှားရင်း အမောဖောက်သေဆုံးခဲ့တယ်လို့ သူကဆိုပါတယ်။

ဒီကိစ္စတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းသယံဇာတ ဝန်ကြီး ဦးတင်သန်းဝင်းကို RFA က ဒီနေ့ ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၂ ရက်နေ့က RFA က မေးမြန်းချိန်မှာတော့ စစ်ကိုင်းတိုင်းထဲ လုံခြုံရေး ဆောင်ရွက်နေတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး အသေးစိတ် မသိရဘူးလို့ ဝန်ကြီး ဦးတင်သန်းဝင်းက ပြောဆိုခဲ့ပါတယ်။

အာဏာသိမ်း နှစ်နှစ်ခွဲအတွင်း ခင်ဦးမြို့နယ်မှာ ရွာပေါင်း ၇၆ ရွာက နေအိမ်ပေါင်း ခြောက်ထောင်ဝန်းကျင် မီးရှို့ဖျက်ဆီးခံထားရပြီး အရပ်သားသုံးသောင်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေး အဖွဲ့တွေက ပြောပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ကတော့ နိုင်ငံတစ်ဝန်း လက်နက်ကိုင်ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေ စဉ်ဆက်မပြတ်ရှိနေသလို လူသားချင်း စာနာမှုဆိုင်ရာ လိုအပ်ချက်တွေလည်း ဆက်လက် မြင့်တက်နေတယ်လို့ ဩဂုတ်လ ၂၄ ရက် မနေ့က ထုတ်ပြန် ပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။