ခင်ဦးမှာ သုံးရက်အတွင်း ခုနစ်ရွာက နေအိမ် ၄၀၀ နီးပါး မီးရှို့ခံရ

2022.11.21
Share on WhatsApp
Share on WhatsApp
ခင်ဦးမှာ သုံးရက်အတွင်း ခုနစ်ရွာက နေအိမ် ၄၀၀ နီးပါး မီးရှို့ခံရ ခင်ဦးမြို့နယ် ပေါင်းလှဲကုန်းရွာ မီးရှို့ခံထားရသည်ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့ မနက်ပိုင်းက တွေ့ရစဉ်။
Photo: Citizen Journalist

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်အတွင်းက ရွာတွေကို နိုဝင်ဘာလ ၁၈ ရက်နေ့ကနေ နိုဝင်ဘာ ၂၀ ရက် မနေ့အထိ စစ်ကောင်စီတပ်က စစ်ကြောင်းနှစ်ကြောင်းနဲ့ ဝင်ရောက်စီးနင်းပြီး နောက် ရွာပေါင်းခုနစ်ရွာက နေအိမ် ၃၈၅ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာလ ၂၁ ရက် ဒီနေ့မနက်မှာလည်း ခင်ဦးမြို့နယ်မြောက်ခြမ်းက စောကြီးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး မီးရှို့နေတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဒီနေ့မနက်ပဲ လက်နက်ကြီးတွေနဲ့ ပစ်ဝင်တာ။ ၁၀ နာရီ ၄၅ လောက်မှာ စောကြီးရွာကို မီးရှို့နေပြီ အကုန် ထွက်ပြေးနေရတယ်။ အဲဒီစစ်ကြောင်းက ညက မဒေါင်းလှမှာ ညအိပ် ခဲ့တဲ့စစ်ကြောင်း။ ခင်ဦးတောင်ဘက်ခြမ်းက စစ်ကြောင်းကတော့ ဒီမနက်မှာ ခင်ဦး အရှေ့ထိပ်က ဝန်ထမ်းအိမ်ရာဘက် ရောက်သွားပြီ”

ဒီနေ့မီးရှို့ခံရတဲ့ စောကြီးရွာရဲ့ မီးလောင်ပျက်စီးမှု အခြေအနေ အတိအကျကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

ခင်ဦးမြို့နယ် တောင်ဘက်ခြမ်းကို စစ်ကြောင်းထိုးခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ပေါင်းလှဲကုန်း ရွာကို နိုဝင်ဘာလ ၁၈ ရက်နဲ့ ၁၉ ရက် နှစ်ရက်တာ ဝင်ရောက်စီးနင်းချိန် နေအိမ် ၁၃၆ လုံး မီးရှို့ဖျက်ဆီးခဲ့ပြီး မပြေးနိုင်တဲ့ အသက် ၇၀ အရွယ်အဘွားတစ်ဦး မီးလောင်သေဆုံးခဲ့သလို အသက် ၅၀ အမျိုးသားတစ်ဦး လက်နက်ကြီးသံကြောင့် နှလုံးအမောဖောက် သေဆုံးခဲ့ တယ်လို့ အဲဒီ ဒေသခံက ပြောပါတယ်။

နိုဝင်ဘာလ ၂၀ ရက် မနေ့ကတော့ အဲဒီစစ်ကြောင်းဟာ လက်ပံကြီးရွာက နေအိမ် အလုံး ၉၀ နဲ့ ပေါင်းလှဲကုန်း ရွာနဲ့ ကပ်လျက်ဖြစ်တဲ့ ရွှေဘိုမြို့နယ် လိပ်ရကုန်း (လက်ယက်ကုန်း) ရွာက နေအိမ် ၁၃ လုံးကို ထပ်မံ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ခင်ဦးမြို့နယ်မြောက်ခြမ်းမှာတော့ မဒေါင်းကြီးရွာမှာ နေအိမ် ၇၅ လုံး၊ ရွှေကာရွာမှာ ၆၂ လုံး၊ ဆီဆုံလေးရွာမှာ ၈ လုံးနဲ့ နှဲတွင်းရွာမှာ နေအိမ်တစ်လုံးတို့ကို မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဒေသခံတွေပြောဆိုမှုနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ တိုင်းလူမှုရေးဝန်ကြီး ဦးအေးလှိုင်ကတော့ ခင်ဦး မြို့နယ်ထဲမှာ ဆက်သွယ်ရေးလိုင်း တာဝါတိုင်တွေ ဖျက်ဆီးခံရလို့ အင်တာနက် လိုင်းတွေ ပြတ်တောက်နေသလို ဖုန်းသတင်း ဆက်သွယ်မှုလည်း အားနည်းနေတာကြောင့် လတ်တလောကိစ္စတွေကို မသိရှိရသေးဘူးလို့ RFA ကို ပြောပါတယ်။

ခင်ဦးမြို့နယ်မှာ စစ်အာဏာသိမ်းချိန်ကနေ အောက်တိုဘာလကုန်ထိ ရွာပေါင်း ၄၇ ရွာက နေအိမ်ပေါင်း ၁၈၅၆ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အပါအဝင် ကလေးသူငယ်နဲ့ သက်ကြီးရွယ်အို စုစုပေါင်း ၂၁၈ ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ အောက်တိုဘာလ ၃၁ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် မလုံခြုံမှုနဲ့ ပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းမှာ ဒေသခံ ၆၁၂,၄၀၀ ဦး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။  

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။