ကန့်ဘလူနဲ့ ခင်ဦးမှာ အရပ်သား နှစ်ဦးသတ်ဖြတ်ခံရ၊ သံဃာ တစ်ပါးဖမ်းဆီးခံရ
2023.03.24

စစ်ကိုင်းတိုင်း၊ ကန့်ဘလူနဲ့ ခင်ဦးမြို့နယ်မှာ မတ်လ ၂၃ ရက် မနေ့က ဒေသခံအမျိုးသား နှစ်ဦးသတ်ဖြတ်ခံရပြီး အသက် ၆၀ အရွယ် ကျောင်းထိုင်ဘုန်းကြီး တစ်ပါးကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
မတ်လ ၂၃ ရက် ညနေ ၄ နာရီကျော်မှာ ကန့်ဘလူမြို့နယ်၊ ထန်းကုန်းတိုက်နယ်ထဲက ညောင်ဇင်ကြီးရွာကို အင်အား ၁၅၀ လောက်ပါတဲ့ စစ်ကောင်စီတပ်ဖွဲ့က ရွာထဲစီးနင်းခဲ့ပြီး အသက် ၃၅ နှစ်အရွယ် ကိုထွန်းမင်းဦးကို သတ်ဖြတ်မီးရှို့ခဲ့သလို အသက် ၆၀ အရွယ် ကျောင်းထိုင်ဆရာတော် ဦးသောမလကိုလည်း ဖမ်းဆီးသွားပြီး အခုချိန်အထိ အဆက်အသွယ်မရသေးဘူးလို့ ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ခံက RFA ကို ပြောပါတယ်။
“ရွာထဲဝင်လာတာက ပျူစောထီးရော၊ စစ်ကောင်စီတပ်ရောပါတယ်။ ညောင်ဇင်ကြီး ရွာမှာ အသတ်ခံလိုက်ရတဲ့သူက စိတ်ကျန်းမာရေး မကောင်းတဲ့သူ။ မီးရှို့သတ်သွားတာ။ ကျောင်းထိုင်ဘုန်းကြီးကတော့ ရွာသားတွေ ထွက်ပြေးချိန်မှာ သူ့ကျောင်းမှာနေကျန်ခဲ့ တာ။ အဲဒါကို ဖမ်းသွားတာ။ အခုထိ အဆက်အသွယ်မရသေးဘူး”
စစ်ကောင်စီတပ်စီးနင်းခဲ့တဲ့ ညောင်ဇင်ကြီးရွာက နေအိမ် ၃၂ လုံး၊ ဆိုင်ကယ် ၁၇ စီးအပြင် လယ်ယာသုံး စက်ပစ္စည်းတွေ၊ စပါးတွေ မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အလားတူ မတ်လ ၂၃ ရက် မနက်ပိုင်းက ခင်ဦးမြို့နယ်၊ မြကန်ရွာကို စစ်ကောင်စီတပ် အင်အား ၅၀ ဝန်းကျင်နဲ့ စီးနင်းခဲ့ပြီး အသက် ၆၅ နှစ်အရွယ် စစ်ဒုက္ခသည် ဦးညိုတင်ကို ပစ်သတ်သွားခဲ့တယ်လို့ ခင်ဦးဒေသခံတွေက ပြောပါတယ်။
ဦးညိုတင်ဟာ စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်မှာ စိုးရိမ်တာကြောင့်ဆိုင်ကယ်နဲ့ ထွက်ပြေးချိန်မှာပဲ သတ်ဖြတ်ခံလိုက်ရတာလို့ ဆိုပါတယ်။
ဒီဖြစ်စဉ်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာထုတ်ပြန်ထားတာ မရှိသေးသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ ဦးအေးလှိုင်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ တပ်မတော်အနေနဲ့ ဘယ်လိုနည်းနဲ့မှ အရပ်သားတွေအပေါ် ထိခိုက်အောင်လုပ်စရာ အကြောင်းမရှိဘူးလို့ ယခင်က တုံ့ပြန်ပြောဆိုထားပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၃ ခုနှစ်၊ မတ်လ ၂၃ ရက် မနေ့က ထုတ်ပြန်ချက်အရ စစ်တပ်ကအာဏာသိမ်းပြီးချိန်ကစလို့ အရပ်သား ၃၁၅၈ ဦး သတ်ဖြတ်ခံထားရပါတယ်။