ခင်ဦးမှာ ရေတွင်းရေကန်တွေ ဖျက်ဆီးခံရလို့ ရေရှားပါးမှုနဲ့ ကြုံနေရ
2023.05.04
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အရှေ့ခြမ်းနဲ့ အနောက်ခြမ်း စစ်ကောင်စီတပ်က နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်နေတဲ့ ကျေးရွာပေါင်း ၇၀ လောက်မှာ ရေတွင်းရေကန်တွေနဲ့ ရေဘုံဘိုင်၊ ရေမော်တာတွေ ဖျက်ဆီးခံရလို့ ရေရှားပါးမှုနဲ့ ဆိုးဆိုးရွားရွား ကြုံတွေ့နေရ တယ်လို့ ခင်ဦးဒေသခံတွေနဲ့ ခင်ဦးမြို့နယ် ကူညီကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
အုန်းပင်ကုန်း၊ စိုင်ခေါင်း၊ အောင်သာ၊ မုံလှ စတဲ့ ကျေးရွာပေါင်း ၇၀ လောက်မှာ ရေကန်၊ ရေအိုင်တချို့ကို ရွာတွေထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်တွေက နည်းလမ်းမျိုးစုံနဲ့ ဖျက်ဆီးသွားခဲ့သလို ခင်ဦးအနောက်ခြမ်း ရွာတွေမှာရှိတဲ့ ရေပိုက်နဲ့ ရေဘုံဘိုင်တွေ၊ ရေမော်တာနဲ့ လျှပ်စစ်ထရမ်စဖော်မာတွေကိုလည်း ဖျက်ဆီးသွားခဲ့တယ်လို့ ခင်ဦးမြို့နယ် ကူညီကယ်ဆယ်ရေးအဖွဲ့ တာဝန်ခံတစ်ဦးက RFA ကို ပြောပါတယ်။
“ပိုက်တွေလည်း မီးရှို့သွားတယ်။ ရေဘုံဘိုင်တွေလည်း မီးရှို့ဖျက်ဆီးသွားတယ်။ မီးရတဲ့ ဒေသတွေဆိုရင် လျှပ်စစ် ထရမ်စဖော်မာတွေ ဖျက်ဆီးသွားတယ်။ လျှပ်စစ်ရေမော်တာ တွေလည်း ဖျက်ဆီးသွားတယ်။ ခင်ဦး အရှေ့ခြမ်း ကျတော့ ရေကန်၊ ရေအိုင်တွေက ရှားတာပေါ့။ ရှိတဲ့ကန်တွေကျတော့ ရေကန်တွေထဲ ဆင်းသွားတာမျိုး၊ ရေနောက် အောင် လုပ်သွားတယ်ပေါ့လေ။ အဲ့ဒီဒေသခံတွေက ချိုးရေရော၊ သောက်ရေရော၊ သုံးရေအဖြစ်ရော အဲ့ဒါကိုသုံးနေရတဲ့အနေအထားမှာ သူတို့ (စစ်ကောင်စီတပ်) စစ်ကြောင်းတွေဝင်ပြီး အဲ့ဒီလိုမျိုးတွေ ရေတွေကအစ လုပ်သွားတယ်။ အရှေ့ခြမ်းက တော့ ရေရှားပါးမှု ပြဿနာ တော်တော်များတယ်ပေါ့”
လက်ရှိမှာ ခင်ဦးအရှေ့ခြမ်းဘက်ကရွာတွေအနေနဲ့ ရေရှားပါးမှုပြဿနာကို ဖြေရှင်းဖို့ ရွာအဝေးက ချောင်းရေကို လှည်းတွေနဲ့ သွားခပ်နေကြရသလို ရွာတွေ မီးရှို့ခံရလို့ စစ်ဘေးရှောင်ဦးရေများနေတဲ့ ခင်ဦး အနောက်ခြမ်းဘက်မှာဆိုရင်လည်း ပြန်လည် ပြုပြင်ထားတဲ့ ရေဘုံဘိုင်တွေကိုသာ အားကိုးနေရတဲ့အနေအထားလို့ သူက ဆက်ပြောပါတယ်။
“အနောက်ခြမ်းကကျတော့ မီးဘေးသင့် အိမ်ထောင်စုတွေများတယ်ပေါ့။ များပြီးတော့ စစ်ဘေးရှောင်လို ပုံစံမျိုး နေရတာ။ အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့အခါမှာ လူဦးရေ ပြွတ်သိပ် ပြီးတော့ ပြောမယ်ဆိုရင် ရေဘုံဘိုင်က နှစ်ခုတည်း လူဦးရေ ၁၀၀ လောက် သုံးနေရ တာပေါ့။ အဲဒီလိုအနေအထားမှာ မလုံလောက်ဘူးပေါ့ဗျာ။ ရေဘုံဘိုင် ထပ်ပြီးတော့ တူးပေးရမယ့် အခြေအနေမျိုးတွေ ဖြစ်နေတာပေါ့”
ပြီးခဲ့တဲ့တစ်ပတ်က စစ်ကောင်စီတပ်တွေ ဆက်တိုက်ဆိုသလို စစ်ကြောင်းထိုးနေတဲ့ အတွက် ရေပြဿနာကို ဖြေရှင်းဖို့ မလုပ်နိုင်ခဲ့ပေမယ့် ဒီတစ်ပတ်မှာတော့ ကူညီ ကယ်ဆယ်ရေးအဖွဲ့တွေက ပျက်စီးသွားတဲ့ ရေဘုံဘိုင်တွေကို ပြန်ပြင်ပေးနေသလို အသစ်ပြန်တူးပေးတာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ဒီလိုတွေလုပ်ဆောင်ဖို့ ငွေကြေးလိုအပ်ချက်တွေရှိနေပြီး ရေတွင်းတစ်တွင်းတူးဖို့ အနည်းဆုံး ကျပ်သိန်း ၃၀ လောက် ကုန်ကျနိုင်တဲ့အတွက် အကူအညီတွေကတော့ လိုအပ်နေဆဲဖြစ်တယ်လို့ ခင်ဦး မြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးတာဝန်ခံတစ်ဦးက RFA ကို ပြောပါတယ်။
“ရေတွင်းတစ်တွင်းတူးဖို့ဆိုတာကလည်း အကုန်အကျ အများကြီး မတတ်နိုင်ဘူးပေါ့။ ရေတွင်းတစ်တွင်းဆိုရင် ပေအနေအထားအရဆိုရင် ရေထွက်တဲ့အပေါ် မူတည်တယ်။ မကုန်ဘူးဆိုရင်တောင် အနည်းဆုံး သိန်း ၃၀ လောက် ကုန်မှာပေါ့။ ရေရှားပါးမှုကို ဘယ်ရွာတွေ အများဆုံးခံနေရလဲဆိုတော့ အခုစစ်ကြောင်းထိုးခံနေရတဲ့ မြို့သစ်တို့၊ အင်းပါတ်၊ ကန့်ဘလူအစပ်က ရွာတို့ပေါ့။ စစ်ကြောင်းအထိုးခံရတာများတဲ့ နေရာက ရေရှားတဲ့ ပြဿနာ ပိုများမှာပါပဲ”
လက်ရှိ ခင်ဦးမြို့နယ်အတွင်း စစ်ကောင်စီတပ်တွေက ရွာသစ်ကုန်း၊ ပြင်ထောင်၊ မကျီးကုံ၊ မဒေါင်းလှရွာ စတဲ့ရွာ လေးရွာမှာ တပ်စွဲထားပြီး အနီးအနားက ကျေးရွာတွေကိုပါ မီးရှို့တာ၊ လက်နက်ကြီး၊ လက်နက် ငယ် ပစ်ခတ်တာတွေ လုပ်နေတဲ့အတွက် လူဦးရေ သုံးထောင် ကျော်က အမြဲတမ်းစစ်ဘေးဒုက္ခသည်တွေအဖြစ် ရှိနေတယ်လို့ ခင်ဦးမြို့နယ် ကူညီ ကယ်ဆယ်ရေးအဖွဲ့က သိရပါတယ်။
မီးရှိုးခံထားရတဲ့ ရွာ ၇၀၊ အိမ်ခြေ ၅၀၀၀ ဝန်းကျင်ထဲကမှ ရွာ ၁၀ ရွာဝန်းကျင်က ဒေသခံတွေဟာ နေရပ် မပြန်နိုင်သေးဘဲ ဘေးကင်းရာမှာ တိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ သူတို့အနေနဲ့ အရပ်သားတွေ ထိခိုက်အောင် ဘယ်လိုနည်းနဲ့မှ လုပ်စရာအကြောင်းမရှိသလို အရပ်သားတွေရဲ့ ပိုင်ဆိုင်မှုတွေကို မီးရှို့ဖျက်ဆီးတာကိုလည်း PDF အဖွဲ့တွေကသာ ကျူးလွန်နေကြတာလို့ ယခင်က တုံ့ပြန်ပြောဆိုထားပါတယ်။
လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Data For Myanmar ရဲ့ အချက်အလက်တွေ အရ စစ်အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအထိ ခင်ဦးမြို့နယ်မှာ မီးရှို့ခံ ရတဲ့ အိမ်ပေါင်း ၃၇၀၀ ကျော် ရှိနေပါတယ်။