ဗန်းမော်နဲ့ မံစီမြို့ကို KIA တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်နေ

RFA Burmese
2024.12.03
ဗန်းမော်နဲ့ မံစီမြို့ကို KIA တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်နေ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်များအား ရှေ့တန်းတစ်နေရာတွင် တွေ့ရစဥ်။ (ယခင်ပုံဟောင်း)
Kachin News Group

ကချင်ပြည်နယ်က အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁) အခြေစိုက်ရာ ဗန်းမော်နဲ့ မံစီမြို့တို့ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေက ဒီဇင်ဘာလ ၄ ရက်နေ့ မနက်ပိုင်းကစပြီး တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေနဲ့ KIA သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဗန်းမော်မြို့ပေါ်အထိ တိုက်ပွဲဖြစ်နေပြီး KIA က စစ်ကောင်စီတပ်ရဲ့ တပ်စခန်းတချို့ကိုလည်း သိမ်းပိုက်ထားနိုင်ပြီလို့ ဗန်းမော်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဗန်းမော်နဲ့ မံစီကို တိုက်နေတာ။ မံစီမြို့ကနေ ဗန်းမော်ကိုလာတဲ့လမ်းက ဌာနဆိုင်ရာတွေစုထိုင်တဲ့ စစ်ဆေးရေးဂိတ်အကြီးနဲ့ ဗန်းမော် ဧရာဝတီမြစ်ဘေးက ရွှေညောင်ပင် စစ်ဆေးရေးဂိတ်တွေလည်း သိမ်းပြီ။ ဖန်ခါးကုန်းက ခလရ (၄၇) နဲ့ ကာကင်းတွေလည်း သိမ်းပြီလို့ သိရတယ်”

မံစီမြို့က စစ်ကောင်စီရဲ့ ခမရ (၃၁၉)၊ ခမရ (၆၀၁) တပ်စခန်းတွေကိုလည်း KIA ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်နေပြီး ဒေသခံတွေလည်း ထွက်ပြေးနေရတယ်လို့ သူက ပြောပါတယ်။

KIA သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကလည်း တိုက်ပွဲဖြစ်နေကြောင်း အတည်ပြုပြီး အသေးစိတ်အခြေအနေကိုတော့ မသိသေးဘူးလို့ RFA ကို ပြောပါတယ်။

"ဗန်းမော်ဘက် တိုက်ပွဲဖြစ်တာကတော့ မှန်ပါတယ်။ ဒါပေမဲ့ ၄၇ သိမ်းတာကတော့ အတည်ပြုပေးလို့ မရသေးဘူး။ လူမှုကွန်ရက်မှာပဲ တွေ့ရတယ်။ တိုက်ပွဲကတော့ အားလုံးမှာ ဖြစ်မယ်ထင်တယ်။ မံစီတို့၊ မိုးမောက်တို့ အားလုံး။ ဒါပေမဲ့ ဘယ်နေရာတွေမှာ ဖြစ်နေတယ်ဆိုတာ အတိအကျတော့ ကျွန်တော်တို့ မကြားရသေးပါဘူး"

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

၂၀၂၄ နှစ်ဆန်းပိုင်းကစပြီး ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မဘိမ်း၊ မြို့လှ၊ လွယ်ဂျယ်၊ ဒေါ့ဖုန်းယန်၊ မြို့သစ်၊ ဆင်ဘို၊ အင်ဂျန်းယန်၊ ဆွမ်ပရာဘွမ်၊ ဆဒုံး၊ ချီဖွေ၊ ဆော့လော်၊ ပန်ဝါ၊ ကန်ပိုက်တီ စတဲ့ မြို့ ၁၃ မြို့ကို KIA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။