တရုတ်နယ်စပ် ကန်ပိုက်တီမြို့ကို KIA ထိုးစစ်ဆင်

RFA Burmese
2024.11.20
တရုတ်နယ်စပ် ကန်ပိုက်တီမြို့ကို KIA ထိုးစစ်ဆင် ကချင်ပြည်နယ်၊ ကန်ပိုက်တီမြို့ကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့က တွေ့ရစဉ်။
Facebook/ Myu Tsaw Kasa

တရုတ်-မြန်မာနယ်စပ်က ကုန်သွယ်ရေးမြို့ဖြစ်တဲ့ ကချင်ပြည်နယ်၊ ကန်ပိုက်တီမြို့က စစ်ကောင်စီတပ်စွဲထားရာနေရာတွေကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေက နိုဝင်ဘာလ ၂၀ ရက်နေ့ မနက်ပိုင်းကစပြီး ဝင်ရောက်တိုက်ခိုက်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မြို့ထဲမှာ သေနတ်သံတွေကြားနေရပြီး လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲတဲ့အတွက် နေအိမ်မီးလောင်တာတွေလည်းရှိနေတယ်လို့ ကန်ပိုက်တီမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

"မြို့အထဲမှာကို လက်နက်ကြီးတွေ ကျနေပြီ။ မနက်ပိုင်းကတော့ လက်နက်ကြီးသံပဲ ကြားရတာ။ နေ့ခင်း ၂ နာရီလောက်ကျတော့ သေနတ်အသေးသံတွေလည်း ဆက်တိုက်ကြားနေရတယ်။ မြို့အထဲမှာကို သေနတ်သံတွေ ကြားနေရတာ"

တိုက်ပွဲကြောင့် ကန်ပိုက်တီမြို့မှာ ကုန်ကား ရာနဲ့ချီ ပိတ်မိနေတယ်လို့လည်း သူက ပြောပါတယ်။

ကန်ပိုက်တီမြို့ကို လုံခြုံရေးယူပေးနေတဲ့ အမှတ် (၁၀၀၃) နယ်ခြားစောင့်တပ်ရင်းကိုတော့ အောက်တိုဘာလ ၂၁ ရက်နေ့မှာ KIA က သိမ်းယူခဲ့တာ ဖြစ်ပါတယ်။ အဲဒီစခန်းသိမ်းပြီးကတည်းက ကန်ပိုက်တီဒေသခံအများစုက ဘေးလွတ်ရာမှာ ထွက်ပြေးတိမ်းရှောင်နေကြတာလို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲအခြေအတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းနဲ့ KIA သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူတို့ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

မြေရှားသတ္တုထွက်ရှိရာ တရုတ်-မြန်မာနယ်စပ် ကချင်အထူးဒေသ (၁) က ချီဖွေ၊ ဆော့လော်၊ ပန်ဝါနဲ့ ကန်ပိုက်တီမြို့နဲ့ စစ်ကောင်စီတပ်စခန်းတွေကို KIA က စက်တင်ဘာလကုန်ပိုင်းမှာ ထိုးစစ်ဆင်ပြီးခဲ့နောက် ကချင်အထူးဒေသ (၁) တစ်ခုလုံးနီးပါးကို သိမ်းပိုက်ထားနိုင်ပြီး ကန်ပိုက်တီက စစ်ကောင်စီထိန်းချုပ်မှုအောက်မှာ နောက်ဆုံးကျန်နေတဲ့မြို့ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။