အင်းတော်ရဲစခန်းက အချုပ်သား ၁၆ ဦးကို KIA နဲ့ပူးပေါင်းတပ်ဖွဲ့တွေ ကယ်ထုတ်
2024.08.25
စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်မြို့ ရဲစခန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက သြဂုတ်လ ၂၄ ရက်နေ့မှာ ဝင်ရောက်စီးနင်းခဲ့ပြီး ရဲစခန်းအချုပ်ထဲမှာရှိနေတဲ့ အချုပ်သား ၁၆ ဦးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ RFA ရဲ့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
အင်းတော်မြို့ပေါ်မှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက စခန်းကိုစွန့်ခွာထွက်ပြေးချိန် အချုပ်သားတွေကို ကယ်ထုတ်နိုင်ခဲ့တာလို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက RFA ကို ပြောပါတယ်။
“တိုက်ပွဲဖြစ်ပြီး ရဲစခန်းတို့ ဘာတို့ စွန့်ခွာပြီးတော့ တပ်စခန်းကုန်းကိုပဲ ပေါင်းသွားတာလေ။ ရဲစခန်းမှာ မရှိတော့ဘူး။ ဒါပေမဲ့ အချုပ်သားတွေကိုတော့ အဲဒီမှာပဲ ချုပ်ထားခဲ့တာပေါ့။ တချို့တစ်ဝက်တော့ သူတို့ခေါ်သွားတယ်။ အဲဒီစခန်းကို မနေ့က နယ်မြေရှင်းလင်းတဲ့အခါမှာ ကျန်နေတဲ့အချုပ်သား ၁၆ ယောက်ကို ကယ်ထုတ်နိုင်တာပေါ့”
နိုင်ငံရေးနဲ့ပတ်သက်ပြီး ဖမ်းဆီးခံရသူတွေကိုတော့ လွန်ခဲ့တဲ့ ခြောက်လခန့်ကတည်းက အင်းတော်မြို့ကနေ ကသာထောင်ကို စစ်ကောင်စီတပ်က ရွှေ့ပြောင်းထားတယ်လို့ သူက ပြောပါတယ်။
အခု ကယ်ထုတ်ခဲ့သူတွေက အင်းတော်မြို့ စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်က မသင်္ကာလို့ ဖမ်းဆီးထားသူတွေ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
အင်းတော်မြို့ကို သြဂုတ်လ ၁၆ ရက်နေ့ကစတင်ပြီး KIA၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်ဖွဲ့တွေက စတင်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဆက်လက်ပြင်းထန်နေတာပါ။
တိုက်ပွဲအတွင်း အရပ်သားသုံးဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရထားပါတယ်။
တော်လှန်ရေး ပူးပေါင်းတပ်တွေကတော့ နဘားရွာက တပ်စခန်းအပါအဝင် စစ်ကောင်စီတပ်စခန်းတချို့ကို့ သိမ်းပိုက်ရရှိထားပြီလို့ ဆိုပါတယ်။
လက်ရှိမှာတော့ ပျံ့ကြဲနေတဲ့ စစ်ကောင်စီတပ်စခန်းတွေက အင်းတော်မြို့က စခန်းကုန်းနေရာတစ်ခုမှာ အင်းအားတွေ ပေါင်းထားပြီး ခံစစ်ပြင်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီနေရာကိုလည်း တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးညွန့်၀င်းအောင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ အင်းတော်မြို့အပြင် ထီးချိုင့်နဲ့ ပင်လည်ဘူးမြို့တွေမှာလည်း မြို့သိမ်းတိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
____
#အင်တော်မြို့ #ရဲစခန်း #အချုပ်သား #ကယ်ထုတ် #KIA #ABSDF #PDF #လွတ်လပ်တဲ့အာရှအသံ #rfaburmese