ချီဖွေက စစ်ကောင်စီစခန်း ဆယ်ခုကို KIA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်ထား
2024.10.16
ကချင်ပြည်နယ် ချီဖွေခရိုင်အတွင်း စစ်ကောင်စီတပ်စခန်း ဆယ်ခုကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်နိုင်ခဲ့တယ်လို့ အောက်တိုဘာလ ၁၆ ရက်နေ့မှာ KIA အဖွဲ့ တာဝန်ရှိသူတွေက RFA ကို ပြောပါတယ်။
ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) ပြောခွင့်ရသူ ဗိုလ်မှူးကြီး နော်ဘူက “မနေ့က နယ်ခြားစောင့်တပ် ဌာနချုပ်ကို သိမ်းပိုက်နိုင်ခဲ့တယ်၊ ဒီနေ့မှာတော့ ကာကင်းစခန်းတစ်ခုကို KIA နဲ့ ပူးပေါင်းအဖွဲ့တွေက ပြန်သိမ်းတာရှိပါတယ်။ ချီဖွေ၊ ဆော့လော် အဲဒီပတ်ဝန်းကျင်မှာတော့ ကာကင်းတွေ အပါအဝင် စစ်ကောင်စီတပ်စခန်း ၁၀ ခုထက်မနည်း သိမ်းပိုက်နိုင်ခဲ့တယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလကစပြီး ချီဖွေခရိုင်ထဲက စခန်းသိမ်းတိုက်ပွဲတွေမှာ သိမ်းယူခဲ့တာဖြစ်ပါတယ်။
အောက်တိုဘာလ ၁၅ ရက်နေ့ကတော့ တရုတ် - မြန်မာနယ်စပ် ကချင်အထူးဒေသ (၁) ပန်ဝါမြို့နဲ့ ဆယ်မိုင်အကွာက စစ်ကောင်စီ အမှတ် (၁ဝဝ၂) နယ်ခြားစောင့်တပ်ဌာနချုပ်ကို KIA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်ခဲ့ပါတယ်။
အဲဒီဌာနချုပ်ဟာ ပန်ဝါမြို့စောင့်တပ်ဖြစ်ပြီး ဒီဒေသအတွက် အရေးပါတဲ့ တပ်ဖြစ်ပြီး အောက်တိုဘာလ ၈ ရက်နေ့က KIA နဲ့ ပူးပေါင်းတပ်တွေ စတင်တိုက်ခိုက်ခဲ့တာလို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။ ဒီတိုက်ပွဲတွေအတွင်း ထိခိုက်သေဆုံးတဲ့အခြေအနေကိုတော့ ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။
ပန်ဝါမြို့မှာ စစ်ကောင်စီ ဗျူဟာကုန်းစခန်းတစ်ခုနဲ့ ပြည်သူ့စစ်စခန်းတချို့သာ ကျန်တော့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီက ကချင်အထူးဒေသ (၁) ချီဖွေမြို့နယ် ဖီမော်ဒေသမှာ အမှတ် (၁၀၀၁) နယ်ခြားစောင့်တပ်၊ ပန်ဝါမှာ အမှတ် (၁၀၀၂) နယ်ခြားစောင့်တပ်၊ ကန်ပိုက်တည်မှာ အမှတ် (၁၀၀၃) တို့ အခြေစိုက်ထားပြီး ပြည်သူ့စစ်တွေနဲ့ ပူးပေါင်းလှုပ်ရှားနေတာပါ။
အခုနှစ်စပိုင်းကနေ ဒီနေ့အထိ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မဘိမ်း၊ မြို့လှ၊ လွယ်ဂျယ်၊ ဒေါ့ဖုန်းယန်၊ မြို့သစ်၊ ဆင်ဘို၊ အင်ဂျန်းယန်၊ ဆွမ်ပရာဘွမ်၊ ဆဒုံ၊ ဆော့လော်၊ ချီဖွေ စတဲ့မြို့ ၁၁ မြို့နဲ့ စစ်တပ်စခန်းပေါင်း (၂၂ဝ) ခန့်ကို KIA နဲ့ ပူပေါင်းအဖွဲ့တွေက သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။
စစ်ကောင်စီစခန်းတွေ သိမ်းယူခံထားရတဲ့ အခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်ပေမဲ့ ဖုန်းမဖြေပါဘူး။