ဖားကန့် ဆယ်ဇင်းရွာမှာ တိုက်ပွဲပြင်းထန်နေလို့ ဒေသခံ သုံးထောင်ခန့် ထွက်ပြေးနေရ
2022.08.09
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းရွာမှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ စစ်ကောင်စီတပ်တို့ ဒီနေ့အထိ နှစ်ရက်ဆက် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်က လေယာဉ်တွေနဲ့ပါ တိုက်ခိုက်တာကြောင့် ဒေသခံ သုံးထောင်ဝန်းကျင် ဘေးလွတ်ရာ ထွက်ပြေး နေရတယ်လို့ ဆယ်ဇင်းဒေသခံတွေက ပြောပါတယ်။
ဩဂုတ်လ ၉ ရက် ဒီနေ့မနက် ၁၁ နာရီလောက် KIA က ဆယ်ဇင်းရွာမှာရှိတဲ့ ရဲစခန်းကို သွား ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီကလည်း လေကြောင်းကနေ သုံးကြိမ် လာပစ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နေ့လယ် တစ်နာရီနဲ့ နှစ်နာရီလောက်မှာ တစ်ကြိမ်စီနဲ့ သုံးနာရီကျော်မှာ တစ်ကြိမ် ဂျက်တိုက် လေယာဉ်နဲ့ လာပစ်သွားတယ်လို့ ဆယ်ဇင်းရွာ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“နှစ်နာရီလောက်မှာ လာပစ်တာက ရွာပြင်ဘက်မှာ ကျတယ်။ ရွာပြင်ဘက်က နေအိမ် တစ်အိမ် မီးလောင်သွားတယ်။ အခုက ညနေပိုင်းက ပစ်တာတော့ စာသင်ကျောင်းဘက်မှာ ကျတယ်။ တိုက်ပွဲကတော့ အခုထိ (လေးနာရီခန့်အထိ) ဖြစ်နေတုန်းပဲ။ လက်နက်ကြီး တွေနဲ့ရော ပစ်နေကြတယ်။ ပြည်သူတွေလည်း ရွာမှာနေလို့ မရတော့ အားလုံးနီးပါး ထွက်ပြေးသွားကြပြီ။ ထွက်ပြေးသွားကြတာ အနည်းဆုံး သုံးထောင်လောက်တော့ရှိမယ်”
ဒေသခံတွေကတော့ တာမခန်၊ ဟောင်းပါး စတဲ့ရွာတွေက စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ ဘုရားကျောင်းတွေမှာ ခွဲပြီး ပုန်းနေကြရတယ်လို့ ပြောပါတယ်။
မနေ့မနက် အစောပိုင်းက ဆယ်ဇင်းရွာမှာရှိတဲ့ စစ်ကောင်စီတပ်နဲ့ ရွာတစ်ဖက်ကမ်း စစ်ကိုင်းတိုင်း ဟုမ္မလင်း မြို့နယ် ရွှေပြည်မြင့်ရွာက ရှမ်းနီအမျိုးသား တပ်မတော် (SNA) တပ်ကို KIA က သွား ရောက်တိုက်ခိုက် သိမ်းဆည်းခဲ့ပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးထားတဲ့ ဒေသခံတွေကို ကယ်ထုတ်နိုင် ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
KIO သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဒီနေ့ စစ်ကောင်စီရဲစခန်းကို တိုက်နေတယ်ဆိုတာ မှန်ကန်ကြောင်း RFA ကို ဖြေဆိုပေမယ့် ဒေသခံတွေ ကယ်ထုတ်နိုင်တယ် ဆိုတာကိုတော့ မကြားရသေးဘူးလို့ ပြောပါတယ်။
ဆယ်ဇင်းရွာဘက်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၆ ရက်နေ့က နှစ်ဖက်တိုက်ပွဲ တစ်ပတ်နီးပါးကြာ ဖြစ်ပွားခဲ့ပြီး အဲဒီနောက်ပိုင်း မနေ့ကမှ တိုက်ပွဲတွေ ပြန်လည်ပြင်းထန်နေတာ ဖြစ်ပါတယ်။