အာဏာရှင်စနစ်ချုပ်ငြိမ်းရေး KIA နဲ့ TNLA ပူးပေါင်း
2023.05.28

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းတဲ့အထိ အတူတကွ ပူးပေါင်းတိုက်ပွဲဝင်ဖို့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIO/KIA)နဲ့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) တို့ကြား သဘောတူလိုက်ကြပါတယ်။
ပြီးခဲ့တဲ့ မေလလယ်ပိုင်းက ကချင်ပြည်နယ် မိုင်ဂျာယန်မြို့မှာ နှစ်ဖက်ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် သဘောတူညီချက်တွေကို မေလ ၂၈ ရက် ဒီကနေ့ ထုတ်ပြန်ကြေညာတာဖြစ်ပါတယ်။
အမျိုးသားတန်းတူရေးကို အခြေခံပြီး အရေးကြီးတဲ့ ကိစ္စရပ်တိုင်းမှာ နှစ်ဖက်ညှိနှိုင်းတိုင်ပင်ဆုံးဖြတ်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
KIA နဲ့ TNLA တို့ အဓိကစစ်ရေးလှုပ်ရှားနေတဲ့ ကချင်နဲ့ ရှမ်းပြည်နယ်စပ်တွေမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်အချင်းချင်းကြား စစ်ရေးတင်းမာမှုတွေ ရှိခဲ့ပြီးနောက် နှစ်ဖက်တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။
အငြင်းပွားစရာ သမိုင်းကြောင်းတွေကိုရှောင်ပြီး KIA နဲ့ TNLA နှစ်ဖွဲ့ကြားမှာ ချစ်ကြည်ရင်းနှီးမှုအဓိကထားဖို့နဲ့ အချင်းချင်းကြား တိုက်ပွဲပဋိပက္ခတွေမဖြစ်ဖို့လည်း သဘောတူခဲ့ပါတယ်။
နှစ်ဖွဲ့ကြား အရင်ကတည်းကရှိထားပြီးဖြစ်တဲ့ မဟာမိတ်စာချုပ်ကို ဆက်လက်ကိုင်စွဲသွားမယ့်အပြင်၊ ဒေသတွင်းမှာနေကြတဲ့ တိုင်းရင်းသားလူမျိုးတွေရဲ့ဘေးကင်းလုံခြုံရေးနဲ့မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းတွေ ပူးပေါင်းလုပ်သွားမယ်လို့လည်း ဆိုပါတယ်။
ဒီနှစ်ဖွဲ့လုံးဟာ စစ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို သူတို့ဒေသမှာ လက်ခံပြီး စစ်ပညာသင်ကြားပေးနေတဲ့ အဖွဲ့တွေလည်း ဖြစ်ပါတယ်။
၂ဝ၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် အင်အားကြီးတိုင်းရင်းသားလက်နက်ကိုင်တပ်တွေကြား ပိုပြီးပူးပေါင်းဆောင်ရွက်တာတွေ ရှိလာနေတယ်လို့ နိုင်ငံရေး လေ့လာသူတွေက သုံးသပ်ကြပါတယ်။