ကော့ကရိတ်မှာ ကိုယ်ဝန်ဆောင်အပါအဝင် အရပ်သားလေးဦး သတ်ဖြတ်ခံရ
2024.05.21

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ဖူ့ချိမူ စစ်ကောင်စီတပ်စခန်းကနေ စွန့်ခွာထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေဟာ မေလ ၁၉ ရက်နေ့က ကိုယ်ဝန်ဆောင်မိခင်တစ်ဦးအပါအဝင် အရပ်သားလေးဦးကို ပစ်ခတ်သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖူ့ချိမူတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တာကြောင့် မေလ ၁၈ ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီတပ်သားတွေက သူတို့သယ်ဆောင်နိုင်တဲ့ လက်နက်တွေကလွဲလို့ စခန်းမှာကျန်နေတဲ့ လက်နက်ခဲယမ်းအားလုံးကို ဖျက်ဆီးပြီး စခန်းကို စွန့်ခွာ ထွက်ပြေးသွားကြတာလို့ ဆိုပါတယ်။
အဲဒီနောက် ထိုင်း-မြန်မာနယ်စပ်ဘက်ကို ထွက်ပြေးရာမှာ လမ်းမှာတွေ့တဲ့ အရပ်သားလေးဦးကို ပစ်ခတ်သတ်ဖြတ်သွားတာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ဖူ့ချိမူ စခန်းကနေ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေက ကိုယ်ဝန်ဆောင်မိခင်အပါအဝင် လေးဦးကို ပစ်သတ်သွားတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားသုံးဦးကို သတ်သွားပါတယ်”
လက်နက်နဲ့တကွ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားအင်အား ငါးဆယ်ခန့်ရှိနိုင်ပြီး အရပ်သားတွေကို ထပ်မံအန္တရာယ်ပေးနိုင်တာကြောင့် ဖူ့ချီမူတပ်စခန်းနဲ့ အနီးတစ်၀ိုက်ရွာတွေက ဒေသခံတွေ သတိထားကြဖို့ KNLA တာဝန်ရှိသူတွေက အသိပေးထားတယ်လို့ ဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ ကရင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးစောခင်မောင်မြင့်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မေလ ၂၀ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်းကာလတွင်း ဒီမိုကရေစီအရေးလှုပ်ရှားသူနဲ့ ပြည်သူစုစုပေါင်း ငါးထောင်ကျော် (၅၁၀၇ ဦး) သတ်ဖြတ်ခံခဲ့ရပါတယ်။