ပေါင်းတလည်မှာ အမျိုးသားတစ်ဦး သတ်ဖြတ်စွန့်ပစ်ခံရ
2024.05.14
ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ ပေါင်းတလည်မြို့က ပြည်-ပေါက်ခေါင်းကားလမ်းမပေါ်မှာ အနက်ရောင်သေမင်းတမာန်လည်ဆွဲချိတ်ပေးပြီး စွန့်ပစ်ထားတဲ့ အမျိုးသားအလောင်းကို မေလ ၁၃ ရက်နေ့မှာ လမ်းသွားလမ်းလာတွေက တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသူဟာ အသက် ၂၇ နှစ်ဝန်းကျင်အရွယ်ရှိပြီး သူ့ရဲ့ ကိုယ်ရေးအချက်အလက် အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ပေါင်းတလည်မြို့ခံတစ်ဦးက ပြောပါတယ်။
“သေဆုံးတဲ့သူက ဘယ်သူလဲတော့ မသိရပါဘူး။ မျက်နှာကပျက်စီးနေတာဆိုတော့လေ။ ကားလမ်းမပေါ်မှာပဲ ရုပ်အလောင်းတွေ့တာ”
ပေါင်းတလည်မြို့က အရပ်သားတစ်ဦးကို ဒလန်လို့စွပ်စွဲပြီး သတ်ဖြတ်ခဲ့တာကြောင့် လက်တုံ့ပြန်တာလို့လည်း အနက်ရောင်သေမင်းတမာန်အဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
စစ်ကောင်စီတပ်ထောက်ခံတဲ့ သတင်းတွေကိုဖော်ပြနေတဲ့ ပြည်သတင်းမှန် တယ်လီဂရမ်ချန်နယ်ကတော့ ဒီသတ်ဖြတ်မှုကို အနက်ရောင်သေမင်းတမာန်အဖွဲ့က လုပ်ခဲ့တာဖြစ်ပြီး သေဆုံးသူဟာ မင်းလှ PDF အဖွဲ့ဝင် စန်းမင်း (ခ) ဖိုးသဲဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
မေလ ၅ ရက်နေ့ကလည်း မင်းလှနဲ့ လက်ပံတန်းမြို့နယ်မှာနေထိုင်တဲ့ အသက် ၁၉ နှစ်ကနေ ၃၀ ဝန်းကျင်အရွယ် အမျိုးသားသုံးဦးကို အနက်ရောင်သေမင်းတမာန်အဖွဲ့က သတ်ဖြတ်ခဲ့ပါတယ်။
အနက်ရောင်သေမင်းတမာန်အဖွဲ့ဟာ ပဲခူးတိုင်းအနောက်ခြမ်းမှာ အခြေချလှုပ်ရှားပြီး ဒေသခံတွေကို PDF တပ်ဖွဲ့ဝင်တွေလို့ စွပ်စွဲပြီး သတ်ဖြတ်နေတဲ့အဖွဲ့ဖြစ်တယ်လို့ ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
ပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ လှုပ်ရှားမှုတွေကို မလုပ်ရဲအောင် အကြောက်တရားသွင်းဖို့ သေမင်းတမာန်အဖွဲ့က တန်ပြန်လှုပ်ရှားမှုတွေ လုပ်လာတာလို့လည်း ဆိုပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာမရှိသေးသလို စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးတင်ဦးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်းကလည်း သွေးသောက်ဆိုတဲ့နာမည်နဲ့ အဖွဲ့တစ်ခုပေါ်ပေါက်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်နဲ့ ထောက်ခံသူတွေ၊ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားသူတွေကို လိုက်လံသတ်ဖြတ်ခဲ့ပါတယ်။