လောင်းလုံးမှာ စစ်ကြောင်းထိုးချိန် ဒေသခံနှစ်ဦး သတ်ဖြတ်ခံရ
2024.09.03
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ စစ်ကောင်စီတပ်က ရွာတွေကို စစ်ကြောင်းထိုး၀င်ရောက်ခဲ့ပြီး စက်တင်ဘာလလ ၂ ရက်နေ့က ဒေသခံ အမျိုးသားနှစ်ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ် စစ်ကြောင်းထိုး ၀င်ရောက်လာချိန်မှာ ဖွားဘုတ်ပြင်ရွာအနီး PDF စခန်းတစ်ခုကို တွေ့ခဲ့ပြီးနောက် အမျိုးသားနှစ်ဦးကို သတ်ဖြတ်ခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ဖွားဘုတ်ပြင်ရွာနားမှာ နှစ်ယောက် သတ်ခံရတယ်။ အဲဒီနားမှာ PDF စခန်းတစ်ခုတွေ့တော့ ရွာထဲမှာ တွေ့တဲ့သူတွေကို ပစ်တာ။ နှစ်ယောက်သေတယ်။ တစ်ယောက်က ဖွားဘုတ်ပြင် ရွာသား၊ နွားကျောင်းနေတုန်း ပစ်သတ်ခံရတာ။ ကျန်တစ်ယောက်ကတော့ ဒဏ်ရာတွေနဲ့ နှိပ်စက်ခံထားရပြီး စွန့်ပစ်ခံထားရတာ”
သေဆုံးသူနှစ်ဦးမှာ တစ်ဦးက အသက် ၅၀ ကျော်အရွယ် ဖွားဘုတ်ပြင်ရွာသားဖြစ်ပြီး ကျန်တစ်ဦးရဲ့ အသက်အရွယ်နဲ့ နေရပ်ကို မသိရသေးဘူးလို့ သူက ပြောပါတယ်။
လောင်းလုံးမြို့နယ်မှာ စစ်ကောင်စီတစ်က စစ်ကြောင်းနှစ်ကြောင်းနဲ့ ဝင်ရောက်စီးနင်းနေတာဖြစ်ပြီး နေအိမ်တချို့ကိုလည်း မီးရှို့ဖျက်ဆီးတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။
ဒီ့အပြင် ရွာသားတွေကို ဖမ်းဆီးပြီး လမ်းပြအဖြစ် ခေါ်ဆောင်တာ၊ စစ်ကောင်စီတပ်သားတွေရဲ့ အသုံးအဆောင်ပစ္စည်းတွေ သယ်ယူရတာနဲ့ လူသားဒိုင်းကာအနေနဲ့ အသုံးပြုတာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ တနင်္သာရီတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးသက်နိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
သြဂုတ်လ ၁၇ ရက်နေ့ကတည်းက ရွာစဥ်လှည့် စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းတွေကြောင့် မောင်းမကန်၊ ကျောက်ဆင်၊ သဘော့ဆိပ်၊ ပြင်ကြီး၊ ခမောင်းတောင်၊ ထိန်တွင်း၊ ဖွားဘုတ်ပြင် စတဲ့ရွာတွေက ဒေသခံ သုံးထောင်ခန့် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။