ပေါက်မြို့နယ် ကင်းမရွာမှာ မီးရှို့ခံရတဲ့အိမ် ၁၇၀ ကျော်ရှိလာ
မကွေးတိုင်း ပေါက်မြို့နယ်၊ ကင်းမရွာကို ဧပြီလ ၁၈ ရက် နေ့လယ် ၁၂ နာရီ ဝန်းကျင်က စစ်သား၊ ရဲနဲ့ ပျူစောထီးတွေ ပါဝင်တဲ့ အရပ်ဝတ်အင်အား ၅၀ ဝန်းကျင် ဝင်ရောက်လာပြီး မီးရှို့သွားတယ်လို့ ကင်းမရွာ ဒေသခံတွေက ပြောပါတယ်။
စစ်ကြောင်းဝင်တဲ့ပုံစံနဲ့ ဝင်လာပြီး မီးရှို့သွားတာကြောင့် အိမ်ခြေ ၂၅၄ အိမ်ရှိတဲ့ ကင်းမရွာမှာ လက်ရှိ အိမ်ခြေ ၈၁ ဝန်းကျင်လောက်သာ ကျန်တော့မယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"သူတို့က သေနတ်တွေဖောက်ပြီး ဝင်လာတော့ ရွာသားတချို့ ထွက်ပြေးတယ်။ လမ်းမှာ ကောင်လေး နှစ်ယောက်နဲ့ လင်မယားနှစ်ယောက်ကို ဖမ်းမိပြီး ကောင်လေး နှစ်ယောက် ကို ခေါ်သွားတယ်။ အရင်က မလောင်ဘဲ ကျန်ခဲ့တဲ့ အိမ်တွေကို ထပ်ပြီးတော့ ရှို့ခဲ့တာ။ ရှောင်ရတာက တစ်ရွာလုံးရှောင်ရသလို ဖြစ်နေတာလေ။ အိမ်ရှိပေမယ့် အိမ်ထဲမှာ မနေရဲတော့ဘူး"
ဒေသခံတွေကတော့ ပထမအကြိမ် မီးရှို့ခံရပြီးနောက်ပိုင်းကတည်းက တောထဲ၊ တောင်ထဲမှာပဲ ထွက်ပြေး ပုန်းရှောင်နေကြတာလို့ ဒေသခံတွေက ပြောပါတယ်။
အိမ်ခြေ ၂၅၄ အိမ်ရှိတဲ့ ကင်းမရွာဟာ ပြီးခဲ့တဲ့နှစ် ဇွန်လ ၁၅ ရက်နေ့က မီးရှို့ခံခဲ့ရမှုကြောင့် နေအိမ် ၁၅၃ လုံး မီးလောင်ကျွမ်းခဲ့ရပါတယ်။
ကျန်ရှိနေတဲ့အိမ် ၁၀၁ လုံးထဲက နေအိမ် ၂၀ ကျော် ထပ်ပြီးမီးရှို့ခံရတာကြောင့် တစ်ရွာလုံးမှာ နေအိမ် ၈၁ လုံးပဲ ကျန်တော့မယ်လို့ လုံခြုံရေးအရ အမည် မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
ရွာထဲမှာ ဒေသခံတွေ တစ်ယောက်မှမရှိချိန် တိုက်ပွဲလည်းမဖြစ်ဘဲ စစ်ကောင်စီ တပ်သား တွေ ဝင်လာပြီးမှ မီးလောင်ကျွမ်းတာ ဖြစ်တယ်လို့ ဒေသခံရွာသားတွေက ပြောပေမယ့် RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အရပ်သားတွေရဲ့နေအိမ်တွေကို မီးရှို့တယ်ဆိုတာ စွပ်စွဲချက်တွေသာ ဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။
ဒီနေ့ စစ်ကောင်စီတပ်သားတွေ ရွာထဲကို ဝင်ရောက်ချိန်မှာ မိုဘိုင်းလ်ဖုန်း ဆက်သွယ်ရေး လိုင်းတွေ ပြတ်တောက်နေခဲ့ပြီး အခုညနေမှသာ ပြန်ရလာတာလို့လည်း ဒေသခံတွေက ပြောပါတယ်။
အခု ညနေပိုင်းမှာတော့ စစ်ကောင်စီတပ်သားတွေ ရွာအရှေ့ဘက်ကနေ တစ်ဆင့် ပြန်လည် ထွက်ခွာသွားကြပေမယ့် ရွာသားတွေကတော့ လုံခြုံရေးစိုးရိမ်ရတာကြောင့် ရွာအနီးနားကိုတောင် ပြန်မသွားနိုင်သေးဘူးလို့လည်း ဒေသခံတွေက ပြောကြပါတယ်။
လွတ်လပ်တဲ့ သုတေသန အဖွဲ့အစည်းတစ်ခု ဖြစ်တဲ့ Data For Myanmar ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ် ဧပြီလ ၁ ရက်နေ့ကနေ ၂၀၂၂ ခုနှစ် ဧပြီလ ၁၃ ရက်နေ့အထိ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေရဲ့ လက်ချက်ကြောင့် တစ်နိုင်ငံလုံးမှာ နေအိမ် ၉၁၈၇ လုံး ပျက်စီးခဲ့ပြီး အဲဒီထဲမှာ မကွေးတိုင်းက ၁၈၁၄ လုံး ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။