ဆေးတပ်သား ၁၈ ဦးသေဆုံးမှု တာဝန်ရှိသူတွေရဲ့ ပေါ့ဆမှုကြောင့်ဖြစ်ကြောင်း KNDF ပြော
2024.10.01
ကယားပြည်နယ် (ကရင်နီပြည်နယ်) မှာ ဆေးတပ်သား ၁၈ ဦး သေဆုံးသွားတဲ့ဖြစ်ရပ်ဟာ သင်တန်းတာဝန်ရှိသူတွေရဲ့ ပေါ့ဆမှုကြောင့်ဖြစ်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က အောက်တိုဘာ ၁ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်နေ့က လေ့ကျင်ရေး သင်တန်းချိန်အတွင်း ချောင်းတစ်ခုကို ဖြတ်ကျော်ချိန်မှာ မတော်တဆမှုဖြစ်ပြီး KNDF ဆေးတပ်သား ၁၈ ဦး ရေထဲမျောပါသေဆုံးခဲ့တာပါ။
ဒီဖြစ်ရပ်မှာ သင်တန်းတာဝန်ရှိသူတွေဟာ ကြိုတင်ပြင်ဆင်မှုမရှိခဲ့သလို ဘေးအန္တရာယ်တွက်ချက်မှု ပေါ့ဆတာနဲ့ စီမံခန့်ခွဲမှု ပေါ့လျော့တာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လေ့ကျင့်ရေးမှာ အမိန့်ပေးတဲ့ သင်တန်းကျောင်းအုပ်နဲ့ သင်တန်းဆရာတို့ဟာ မတော်တဆမှု မဖြစ်ပွားခင် အရက်သေစာသောက်စားထားပြီး ဒီဖြစ်ရပ်အတွက် တာဝန်ရှိကြောင်း ဝန်ခံထားတယ်လို့လည်း ဆိုပါတယ်။
သင်တန်းကျောင်းအုပ်ရဲ့ ညဘက်လေ့ကျင့်ရေးဆုံးဖြတ်ချက်ကို သင်ကြားရေးဘက်က ဆရာ၊ ဆရာမတွေနဲ့ သင်တန်းသား၊ သင်တန်းသူ အများစုနဲ့ KNDF တာဝန်ရှိသူတွေ မသိရှိခဲ့ရကြောင်းလည်း အစီရင်ခံစာမှာ ဖော်ပြပါတယ်။
ဒီဖြစ်စဉ်မှာ သင်တန်းကျောင်းအုပ်နဲ့ သင်တန်းဆရာနှစ်ဦးတို့ဟာ ရဲဘော်များကို သေစေလိုတဲ့ ဆန္ဒမရှိပေမဲ့ ကြိုတင်ပြင်ဆင်ရန်နည်းနာတွေ ပျက်ကွက်ခဲ့တယ်လို့ ဆိုပါတယ်။
မတော်တဆမှုနဲ့ပတ်သက်တဲ့ နောက်ဆက်တွဲလုပ်ငန်းစဉ်တွေကို ဆက်လက်အကောင်အထည်ဖော်ပြီး သက်ဆိုင်ရာ မိသားစုဝင်တွေ၊ တပ်ရင်းတပ်ဖွဲ့နဲ့ ပြည်သူလူထုကို ထုတ်ပြန်အစီရင်ခံသွားမယ်လို့ KNDF က ပြောပါတယ်။
KNDF က တာဝန်ယူသင်ကြားပေးနေတဲ့ အဲဒီ ရှေ့တန်းစစ်ဆင်ရေး ဆေးတပ်သားသင်တန်းဟာ လေးလကြာမြင့်ပြီး ဒုတိယအကြိမ်ဖွင့်လှစ်တဲ့ သင်တန်းမှာ အခုလို မတော်တဆမှုဖြစ်ခဲ့တာပါ။