ဆေးတပ်သား ၁၈ ဦးသေဆုံးမှု စုံစမ်းစစ်ဆေးသွားမယ်လို့ KNDF ထုတ်ပြန်
2024.09.13
[Update: 2: 59 AM, Sep 14, 2024]
စက်တင်ဘာ ၁၁ ရက်နေ့က ဆေးသင်တန်းတက်နေတဲ့ သင်တန်းသားတွေ လေ့ကျင့်ရေးဆင်းနေချိန် ချောင်းတစ်ခုကို ဖြတ်ဖို့ ကြိုးစားရင်း ချောင်းရေနဲ့ မျောပါပြီး သင်တန်းသား ၁၈ ဦး သေဆုံးသွားတယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ်မတော် (KNDF) က စက်တင်ဘာ ၁၃ ရက်နေ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။
ဆေးသင်တန်းတက်နေတဲ့ တပ်သား ၁၈ ယောက်သေဆုံးခဲ့တဲ့ကိစ္စမှာ တာဝန်ယူမှု တာဝန်ခံမှုရှိရှိနဲ့ ကိုင်တွယ်ဆောင်ရွက်ဖို့ ပြင်ဆင်ထားတယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ်မတော် (KNDF) ဒုစစ်ဦးစီးချုပ်မာဝီက ပြောပါတယ်။
"ကျွန်တော်တို့ လုပ်စရာနှစ်ခုပေါ့ဗျာ၊ ပထမတစ်ခုက နာရေးကိစ္စတွေလုပ်ရမှာပေါ့နော်၊ ဒါတွေပြီးသွားရင် လိုအပ်တဲ့ ဒီဖြစ်စဉ်အပေါ်မှာ လိုအပ်တဲ့ စုံစမ်းစစ်ဆေးတာတွေ ဆက်လက်လုပ်ဆောင်သွားမယ်၊ စုံစမ်းစစ်ဆေးတဲ့ ရလဒ်တွေအပေါ်မှာ မူတည်ပြီးတော့မှ ဒုတိယအဆင့်အနေနဲ့ ဆက်လက်လုပ်ဆောင်ရမဲ့ အဆင့်တွေကို ကျွန်တော်တို့ လုပ်ဆောင်ရမှာဖြစ်တယ်၊ လုပ်ဆောင်သွားတဲ့ အဆင့်တိုင်းရဲ့ရလဒ်တွေကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို ကျွန်တော်တို့ ထုတ်ပြန်ပြောပြသွားဖို့ စီစဉ်ထားပါတယ်"
စုံစမ်းစစ်ဆေးရေးကိုလည်း ဥပဒေရေးရာကျွမ်းကျင်သူတွေ၊ ဒီကိစ္စကို သိရှိသူတွေ၊ ကရင်နီကြားကာလအုပ်ချုပ်ရေးအဖွဲ့က ဌာနဆိုင်ရာတာဝန်ရှိသူတွေ၊ တပ်ဖွဲ့အသီးသီးက စစ်ဘက်ဆိုင်ရာ ဦးဆောင်သူတွေကို တာဝန်ပေးထားတယ်လို့ သူက ဆိုပါတယ်။
ဒီဆေးသင်တန်းဟာ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်နဲ့ တပ်ပေါင်းစုံတို့ လိုအပ်ချက်အရ ကရင်နီပြည်နယ်အတွက် လူ့စွမ်းအားအရင်းအမြစ်တွေ ပိုမိုကောင်းမွန်တိုးတက်စေဖို့ ရည်ရွယ်ချက်နဲ့ ဖွင့်လှစ်ခဲ့တာလို့လည်း KNDF ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
KNDF က သေဆုံးခဲ့တဲ့ ဆေးတပ်သား ၁၈ ဦးရဲ့ မိခင်တပ်ရင်းတပ်ဖွဲ့တွေဘက်ကတော့ လေကျင့်ရေးလုပ်နေစဉ် တောင်ကျရေ ရုတ်တရက်ကျလာတာကြောင့် ရေထဲမျောပါသေဆုံးရတာလို့ သိထားပြီး အခြေအနေအသေးစိတ်ကို ရှင်းပြလာတာမရှိသေးဘူးလို့လည်း တပ်ရင်းတပ်ဖွဲ့တာဝန်ရှိသူတချို့က RFA ကို ပြောပါတယ်။
တပ်ရင်းတပ်ဖွဲ့တစ်ခုရဲ့ ပြောခွင့်ရသူတစ်ဦးကတော့ KNDF ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ ဘယ်လိုတာဝန်ယူမှုရှိလာမလဲဆိုတာ စောင့်ကြည့်သွားမယ်လို့ ဆိုပါတယ်။
တပ်ရင်းအားလုံးမှာ အားကိုးရသူတွေကို သင်တန်းတက်ဖို့ စေလွှတ်ထားတာဖြစ်ပြီး အခုလိုအသက်ဆုံးရှုံးသွားကြတဲ့အတွက် ဖြစ်စဉ်အသေးစိတ်ကို သိချင်နေကြတယ်လို့ RFA ကို ပြောပါတယ်။
နောက်ထပ်တပ်ရင်းတပ်ဖွဲ့ဝင်တစ်ဦးကလည်း ရှေ့တန်းစစ်မြေပြင်တိုက်ပွဲမှာ သေခဲ့ရင်တောင် လက်ခံနိုင်ပေမဲ့ ဆေးသင်တန်းတာဝန်ရှိသူတွေရဲ့ စီမံခန့်ခွဲမှုအားနည်းမှုကြောင့် သူတို့တပ်ဖွဲ့ရဲ့ အားကိုးရတဲ့ တပ်ဖွဲ့ဝင်တစ်ဦးဆုံးရှုံးလိုက်ရတဲ့အတွက် ယူကြုံးမရ ဝမ်းနည်းမိတယ်လို့ ပြောပါတယ်။
စစ်ရေးအရနီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦး ပြောတာက " သူတို့ သင်တန်းလေ့ကျင့်နေရင်းနဲ့ သင်တန်းမှူးကနေ ထရိန်နင်သဘောဆိုပြီး ရေထဲဆင်းဖြတ်ခိုင်းတယ်ပေါ့နော်၊ အလေးအပင်တွေနဲ့ အဲဒီမှာ ရေစီးနဲ့မျောတယ်လို့ပဲ အကြမ်းဖျင်း သိရတာပေါ့နော်၊ ကျွန်တော်တို့လည်း အဲဒါကို မေးမြန်းစုံးစမ်းနေပါတယ်ဗျ၊ တကယ့်တကယ် ပေါ့ဆမှုအနေနဲ့ ဖြစ်တယ်ဆိုရင်တော့ အရေးဆိုရမှာပေါ့ နောက်မဖြစ်အောင်လို့လည်း တာဝန်ရှိတဲ့သူတွေ အရေးယူဖို့ ပြောရမှာပေါ့"
ဆက်နွှယ်သောသတင်းများ
ကရင်နီပြည်မှာ ရေကြီးမြေပြိုမှုကြောင့် လူ နှစ်ဆယ်ကျော် သေဆုံး
ကရင်နဲ့ ကယားက စစ်ဘေးဒုက္ခသည်တွေရဲ့ နေအိမ် ရှစ်ဆယ်ကျော် ရေထဲမျောပါ
လွိုင်ကော်မြို့အနီး တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား သုံးဆယ်ခန့် သေဆုံး
အသက်ဆုံးရှုံးသွားသူတွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေကိုတော့ RFA က စုံစမ်းနေဆဲဖြစ်ပါတယ်။
သေဆုံးခဲ့တဲ့ ဆေးတပ်သား ၁၈ ဦးရဲ့ အလောင်းတွေကို စက်တင်ဘာ ၁၂ ရက်နေ့မှာ ဆယ်ယူခဲ့ပြီး သက်ဆိုင်ရာမိသားစုတွေ၊ တပ်ဖွဲ့တွေဆီ ပေးပို့ခဲ့တယ်လို့ KNDF က ဆိုပါတယ်။
KNDF ဒုစစ်ဦးစီးချုပ် မာဝီက ဒီဆေးတပ်သားတွေ သေဆုံးမှုဟာ ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်တယ်လို့ ပြောပါတယ်။
"ဒါက ကျွန်တော်တို့ရဲ့ ဆုံးရှုံးမှုကြီးမားတဲ့ဟာဖြစ်တယ်၊ လူထုရဲ့ ဆုံးရှုံးမှုလည်း ဖြစ်တယ်၊ တပ်ဖွဲ့တွေရဲ့ ဆုံးရှုံးမှုလည်း ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ သေသေချာချာလေးနဲ့ ကိုင်တွယ်စီမံဆောင်ရွက်သွားဖို့ ပြင်ဆင်ထားပါတယ်"
အသက်ဆုံးရှုံးခဲ့ရတဲ့ ဆေးတပ်သားတွေရဲ့ မိသားစုတွေ၊ တပ်ရင်းတပ်ဖွဲ့တွေနဲ့အတူ ဝမ်းနည်းကြေကွဲရတယ်လို့လည်း KNDF က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
KNDF က ဒီသေဆုံးမှုအတွက် စုံစမ်းစစ်ဆေးသွားမယ့်အပေါ် ကြိုဆိုတယ်လို့ တောင်ပိုင်းတိုင်းစစ်ဒေသမှာ လှုပ်ရှားနေတဲ့ ဒေါင်းမင်းစစ်ကြောင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုမင်းသွေးသစ်က ပြောပါတယ်။
“ဒီတိုင်းရင်းသားအဖွဲ့တွေထဲမှာ ဒီမိုကရေစီကျကျ၊ နောက် တရားမျှတမှုရှိရှိနဲ့ ဒီလိုမျိုးလုပ်လာတဲ့အပေါ် ကျွန်တော်တို့က အများကြီး လက်ကမ်းကြိုဆိုပါတယ်၊ ဒါကတကယ်ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကိစ္စဖြစ်တယ်၊ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုသွားမဲ့လမ်းမှာလည်း လမ်းခင်းပေးထားပြီးသား အမူအကျင့်ကောင်းတွေ ဖြစ်တယ်”
ဒီဆေးသင်တန်း တက်ရောက်နေသူတွေထဲမှာ KNDF တပ်ရင်း၊ မြို့ပြတော်လှန်ရေးတပ်ဦး (URF)၊ ရှမ်းတောင် ပြည်သူ့ကာကွယ်ရေးတပ် စတဲ့ တပ်ရင်းတပ်ဖွဲ့တွေက တပ်ဖွဲ့ဝင်တွေ ပါဝင်တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
ကရင်နီပြည်နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် သံလွင်မြစ်၊ ပွန်းချောင်းနဲ့ ထူးချောင်းတွေ အပါအဝင် မြို့ရွာအသီးသီးက မြစ်ချောင်းတွေမှာ ရေကြီးရေလျှံမှုတွေဖြစ်နေတဲ့အပြင် အချိန်တိုအတွင်း လျှပ်တစ်ပြက် ရေကြီးတာ၊ တောင်ပြိုတာ၊ မြေပြိုတာတွေလည်း ကြုံတွေ့နေရတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)ရဲ့ ပြည်ထဲရေးဌာနက စက်တင်ဘာလ ၁၂ ရက်နေ့က ထုတ်ပြန်ကြေညာထားပါတယ်။
ရေဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှု သက်သာစေဖို့ ထုတ်ပြန်ထားတဲ့ ကြိုတင်ပြင်ဆင်မှုတွေကို ပူးပေါင်းဆောင်ရွက်ကြဖို့နဲ့ ရေဘေးအန္တရာယ်နဲ့ ပတ်သက်ပြီး ဆက်သွယ်အကူအညီတောင်းခံနိုင်တယ်လို့ အသိပေးတိုက်တွန်းထားပါတယ်။
(မှတ်ချက် - ဤသတင်းတွင် စစ်ရေးအရနီးစပ်သည့် သတင်းရင်းမြစ်တစ်ဦး၊ တပ်ရင်းတပ်ဖွဲ့တစ်ချို့၏ ပြောဆိုချက်များနှင့် ဒေါင်းမင်းစစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ကိုမင်းသွေးသစ်တို့၏ ပြောဆိုချက်များကို ထပ်မံဖြည့်စွက်ထားပါသည်။)