ဆေးတပ်သား ၁၈ ဦး သေဆုံးမှုအတွက် တာဝန်ရှိသူ သုံးဦးကို KNDF ပြစ်ဒဏ်ချ
2024.12.15

ကယားပြည်နယ် (ကရင်နီပြည်နယ်) မှာ KNDF က ဦးစီးဖွင့်လှစ်တဲ့ ဆေးကုသရေးသင်တန်းမှာ လေ့ကျင့်ရေးဆင်းချိန် ဆေးတပ်သား ၁၈ ဦး ရေထဲမျောပါ သေဆုံးသွားတဲ့အပေါ် သင်တန်း တာဝန်ရှိသူ သုံးဦးကို ထောင်ဒဏ်တွေ ချမှတ်လိုက်တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က ဒီဇင်ဘာလ ၁၄ ရက်နေ့က ထုတ်ပြန်ပါတယ်။
ဆေးတပ်သား ၁၈ ဦး သေဆုံးမှုနဲ့ ပတ်သက်ပြီး ကျောင်းအုပ်တစ်ဦး၊ ကာယလေ့ကျင့်ရေးဆရာတစ်ဦးကို ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ရဲ့ စစ်အက်ဥပဒေ ပြစ်မှုဆိုင်ရာပုဒ်မ (၁၇)၊ (၂၇) အရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် တစ်နှစ်နဲ့ သုံးလ ချမှတ်လိုက်တယ်လို့ ဆိုပါတယ်။
နောက်ထပ်သင်တန်းအကူတစ်ဦးကို ပုဒ်မ (၂၇) အရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် သုံးလ ချမှတ်လိုက်တယ်လို့ KNDF က ပြောပါတယ်။
၂၀၂၄ ခုနှစ်အတွင်း KNDF က ဦးစီးဖွင့်လှစ်တဲ့ Frontline Combat Medic သင်တန်းမှာ သင်တန်းသား ၁၀၂ ဦး တက်ရောက်ခဲ့တာပါ။
အဲဒီအထဲက သင်တန်းသား ၁၈ ဦးဟာ စက်တင်ဘာလ ၁၁ ရက် ညဘက်မှာ လေ့ကျင့်ရေးသင်တန်းချိန်အတွင်း ချောင်းတစ်ခုကို ဖြတ်ကျော်ချိန် မတော်တဆမှုဖြစ်ပြီး ရေထဲမျောပါ သေဆုံးသွားပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တရားခွင်မှာ စွပ်စွဲခံရသူတွေနဲ့ သက်သေထွက်ဆိုချက်တွေအရ သင်တန်းမှာ တာဝန်ရှိသူတွေကို KNDF ရဲ့ ဗဟိုအဆင့် စစ်ခုံရုံးအဖွဲ့ကနေ ထောင်ဒဏ်ချမှတ်လိုက်တာ ဖြစ်ပါတယ်။
KNDF က တာဝန်ယူသင်ကြားပေးနေတဲ့ အဲဒီ ရှေ့တန်းစစ်ဆင်ရေး ဆေးတပ်သားသင်တန်းကို သင်တန်းကာလ လေးလ သတ်မှတ်ထားပြီး ဒုတိယအကြိမ်သင်တန်းမှာ မတော်တဆမှု ဖြစ်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။