ကြာအင်းဆိပ်ကြီး ဒေသခံ နှစ်ရာနီးပါး စစ်ကောင်စီတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်နေရ
2024.09.18
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဖားပြကျေးရွာမှာ တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးတွေ နေ့စဉ်ပစ်ခတ်နေတာကြောင့် ဒေသခံရွာသား နှစ်ရာနီးပါး စစ်ဘေးရှောင်နေရပါတယ်။
စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်တာကြောင့် သက်ကြီးရွယ်အိုနဲ့ ကလေးတွေအပါအဝင် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဖားပြရွာသားတစ်ဦးက ပြောပါတယ်။
"ဖားပြမှာ ၁၅ ရက်နေ့ညက လေးလုံး ၁၆ ရက်နေ့က ဖားပြကို အမြောက်နဲ့ လှမ်းပစ်တာ၊ ဒီနေ့ရော၊ မနက်၉ နာရီလောက်က ပစ်ထည့်နေတာ၊ လွတ်ရှမ်းစခန်းသိမ်းပြီးတော့ အဲဒီအနားကရွာတွေထဲကို ၁၂၀ တွေနဲ့ လှမ်းထုနေတာ၊ လူထိခိုက်တာတော့ မရှိပါဘူး၊ လေယာဉ်က အရင်မြို့နယ်ရုံးဟောင်းနေရာကို ကြဲတာပဲ၊ အဲဒီနေရာက အရင်ကလည်း တစ်ခါကြဲထားတာမို့ လူတွေမရှိတာတော့ကြာပြီ ရှောင်ကုန်ပြီ”
သေဆုံးဒဏ်ရာရတာတွေ မရှိပေမဲ့ နေအိမ်၊ သီးပင်စားပင်ခြံနဲ့ ရာဘာပင်တချို့ထိခိုက်ပျက်စီးခဲ့ကြောင်းလည်း ဖားပြရွာသားက ပြောပါတယ်။
ဒေသခံတွေဟာ ဖားပြဂူဘုရား တောင်ခြေ၊ ခလယ် တံခွန်တိုင်ဘက်ကို ထွက်ပြေးတိမ်းရှောင်နေတာရှိသလို ကြာအင်းဆိပ်ကြီး မြို့ပေါ်မှာ ခိုလှုံနေသူတွေလည်းရှိပါတယ်။
ဖားပြရွာကို ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်နေ့ညက လေယာဉ်နဲ့ ဗုံးကြဲခဲ့တဲ့အပြင် သံဖြူဇရပ်မြို့ ဝဲကလိအမြှောက်တပ်နဲ့ မြို့ပေါ်စစ်စခန်းကနေလည်း ဖားပြရွာဘက်ကို စက်တင်ဘာ ၁၆ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာလို့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ရဲ့ မဟာမိတ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) စစ်ကြောင်းတာဝန်ရှိသူက RFA ကို ပြောပါတယ်။
တိုက်ပွဲမဖြစ်ဘဲ ကြာအင်းဆိပ်ကြီးထဲကို တိုက်ခိုက်နေတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်တာမရှိသေးသလို ကရင်ပြည်နယ် လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး မင်းသူကျော်ကို တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းရာမှာ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
အာဏာသိမ်း သုံးနှစ်ကျော်ကာလအတွင်း ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့နယ်၊ ဘုရားသုံးဆူမြို့နယ်ထဲမှာ KNLA မဟာမိတ် PDF ပူးပေါင်းစစ်ကြောင်းတွေက စစ်ကောင်စီတပ်စွဲထားတဲ့ အဓိက စစ်စခန်းကုန်း ဆယ်ခုကို သိမ်းပိုက်ထားတယ်လို့ သိရပါတယ်။
KNLA မဟာမိတ်ပူးပေါင်းတပ်တွေဘက်က ဖားပြ၊ ကျုံခဝန်၊ တောင်ဒီးကျေးရွာတွေကို စစ်ရေးနယ်မြေ အနီရောင်အဆင့် သတ်မှတ်ထားပြီး လေကြောင်းရန်နဲ့ လက်နက်ကြီးဒဏ် လွတ်ကင်းဖို့ ကျေးရွာတာဝန်ခံတွေ၊ ဒေသခံရွာသားတွေ ရှောင်တိမ်းနေထိုင်ဖို့နဲ့ အကာအကွယ်ရှိတဲ့နေရာမှာ ဗုံးခိုကျင်းတူးနေထိုင်ဖို့ သတိပေးထားပါတယ်။