လေးကေ့ကော်က အမြောက်ကုန်းစခန်းသိမ်းတိုက်ပွဲ ပြင်းထန်နေ

RFA Burmese
2024.09.13
လေးကေ့ကော်က အမြောက်ကုန်းစခန်းသိမ်းတိုက်ပွဲ ပြင်းထန်နေ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့တွင်မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့သစ်အနီးရှိ စစ်ကောင်စီ၏ (စွယ်တော်) အမြောက်ကုန်းတပ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့များမှ ထိုးစစ်ဆင် တိုက်ခိုက်နေစဉ်။
Citizen Photo

ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့သစ်က စစ်ကောင်စီ (စွယ်တော်) အမြောက်ကုန်းတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေ သိမ်းပိုက်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေသလို စစ်ကောင်စီဘက်ကလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေပါတယ်။

စစ်ကောင်စီက သူတို့စစ်စခန်းမဆုံးရှုံးဖို့အတွက် စက်တင်ဘာ ၁၃ ရက် ည ၇ နာရီကျော်အချိန်ကစပြီး Y12 အမျိုးအစား ဗုံးကြဲလေယာဉ်နဲ့ အတွဲလိုက်ဗုံးသီးတွေနဲ့ KNLA မဟာမိတ်ပူးပေါင်းတပ်နေရာတွေကို ဗုံးကြဲတိုက်ခိုက်နေတယ်လို့ KNLA ပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

"ဒီနေ့(စက်တင်ဘာ ၁၃) က တိုက်ပွဲပိုပြင်းနေတယ်၊ နေ့လယ်က ဒရုန်းဗုံးချတာ အမြောက်ကုန်းထဲမှာ အထိနာနေတယ်၊ အခု ညနေ ၇ နာရီကျော်လောက်ကစကြဲနေတာ အခု ၉ နာရီ ကျော်အထိ ကြဲနေတုန်းပဲ၊ သူတို့လေယာဉ် Y12 က ဗုံးသီးချနေတာ၊ တစ်ခါပတ်ပျံပြီးကြဲချရင် ခုနစ်လုံး၊ ရှစ်လုံး အတွဲလိုက်ကြဲချနေတယ်၊ ၁၀ ခေါက် ကျော်ပြီ၊ ဗုံးသီးတစ်ရာကျော်ရှိပြီပေါ့နော်၊ ကျပေါက်နေတာ၊ လေးကေ့ကော် ရှုခင်းသာကုန်း၊ ပန်းခြံကုန်း၊ မယ်ဝါးခီးရွာဘက်တွေကိုကြဲချနေတာပေါ့"

ပြီးခဲ့တဲ့ဇူလိုင်လကတည်းက ဒီစခန်းဆီ စစ်ကောင်စီရဲ့ စစ်ကူ၊ ထောက်ပို့လုပ်တဲ့ လမ်းပိုင်းတွေကို KNLA မဟာမိတ် ပူးပေါင်းတပ်တွေက ဖြတ်တောက်ပိတ်ဆို့တိုက်ခိုက်ခဲ့ပြီး အခုရက်ပိုင်းမှာတော့ စစ်စခန်းသိမ်းဖို့ ကြိုးစားနေတာလို့ ဆိုပါတယ်။ စစ်ကောင်စီကတော့ စက်တင်ဘာ ၇ ရက်လောက်ကစပြီး စစ်တပ် လေကြောင်းကင်းထောက်ပျံသန်းနေတာလည်းဖြစ်ပါတယ်။

စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် လေးကေကော်မြို့သစ်က လူနေရပ်ကွက်တွေ၊ မယ်ဝါးခီးရွာ၊ ပန်းခြံကုန်း၊ ရှုခင်းသာကုန်း၊ ကျောက်ဂူတစ်ထောင်ဘုရားကုန်းနေရာတွေအပြင် စစ်တပ်အမြောက်ကုန်းက ထောင်ထားတဲ့မြေမြှုပ်မိုင်းကွင်းနေရာတွေမှာပါ ဗုံးသီးကျရောက်ပေါက်ကွဲတာတွေရှိနေပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် အရပ်သားတွေ ထိခိုက်မှုရှိမရှိကို RFA က ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။ စခန်းသိမ်းတိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်သေဆုံးတာတွေရှိနေပေမဲ့ အတိအကျကိုတော့ မသိရသေးပါဘူး။

ဒီစခန်းသိမ်းတိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး ကရင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းကျော်သူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမဲ့ ဖုန်းမဖြေပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။