ပင်လုံညီလာခံတက်ရေး KNPP မဆုံးဖြတ်ရသေး
2020.07.29
ကယားပြည်နယ်အခြေစိုက် လက်နက်ကိုင်အဖွဲ့တခုစ်ဖြစ်တဲ့ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP က နေပြည်တော်မှာ ရှေ့လ သြဂုတ်လထဲ ကျင်းပမယ့် စတုတ္တအကြိမ် ၂၁ ပင်လုံ ညီလာခံကို တက်ရောက်ဖို့ ဆုံးဖြတ်ချက် မချရသေးဘူးလို့ ပြောပါတယ်။
ညီလာခံမှာ ဝင်ရောက် ဆွေးနွေးခွင့် မရှိတာကြောင့် တက်ရောက်နိုင်ဖို့ ခက်ခဲနေတယ်လို့ KNPP အထွေထွေ အတွင်းရေးမှူး ဦးရွှေမျိုးသန့်က ပြောပါတယ်။
“ကျနော်တို့ အနေအထားနဲ့က တက်ပြီဆိုရင် အများအားဖြင့်က ဆွေးနွေးခွင့် မရှိပါဘူး။ ကျနော်တို့ကတော့ ဆုံးဖြတ်ချက်တော့ မချရသေးဘူး။ ဒါပေမဲ့ ကျနော်တို့ စဉ်းစားစရာ အချက်တွေ အများကြီး ရှိတာပေါ့လေ”
ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP က ၂၀၁၂ ခုနှစ်မှာ ပြည်နယ်အဆင့် ပစ်ခတ်ရပ်စဲရေး သဘောတူ ညီချက်တွေ ရေးထိုးထားပေမယ့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ကို လက်မှတ် မထိုးရသေးတဲ့အဖွဲ့ ဖြစ်ပါတယ်။
NCA မှာ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေသာ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံမှာ ဆွေးနွေးခွင့်ရကြမှာပါ။
ညီလာခံ တက်ရောက်လာတဲ့ တိုင်းရင်းသားအဖွဲ့တွေဟာ ပြည်နယ်အလိုက်၊ လူမျိုးအလိုက် ပြောဆိုဆွေးနွေးပြီးမှ သာလျှင် ပြည်ထောင်စုအဆင့် သဘောတူညီချက်တွေကို အဆင့်ဆင့် ဆုံးဖြတ်ရတာဖြစ်တာကြောင့်လည်း KNPP အဖွဲ့အနေနဲ့ ပါဝင်နိုင်ဖို့ ခက်ခဲနေတာလို့ ဆိုပါတယ်။
တတိယအကြိမ် ၂၁ ရာစု ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံမှာ နိုင်ငံရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးခွင့်ရမယ်လို့ ထင်ထားခဲ့ပေမယ့်လည်း ကျား၊ မ ရေးရာ ခေါင်းဆောင်မှု အပိုင်းတွေကိုသာ ဆွေးနွေးခဲ့ကြရတာဟာ မျှော်လင့် ထားတဲ့ ငြိမ်းချမ်းရေး ညီလာခံ မဟုတ်ခဲ့ဘူးလို့ ဦးရွှေမျိုးသန့်က ပြောပါတယ်။
“ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံလို့ ပြောတော့ ကျနော်တို့က တော်တော်မျှော်လင့်ချက် ကြီးကြီးမားမား ထားပါတယ်။ ငြိမ်းချမ်းရေး ကိစ္စတွေရော၊ ပြည်ထောင်စု တည်ဆောက်ရေး အဆင့်တွေရော ဒါက ကြာနေပြီ။ ဘာဖြစ်လို့ ဒီလိုအဖြစ်ခံတာလဲ။ အဲတော့ ကျနော်တို့ကလည်း ဆွေးနွေးတဲ့သူတွေကို ကျနော်တို့ ပြောပါတယ်။ အဲတော့ ဒီပုံအတိုင်း ဆက်သွားလို့ကတော့ ပြည်ထောင်စု ညီလာခံ အခါတစ်ရာခေါ်လည်း ကျနော်တို့ တိုင်းပြည်က ပြည်ထောင်စုအဆင့်ကို ဖြစ်လာမှာ မဟုတ်ဘူး”
ပြီးခဲ့တဲ့ ၂၁ ပင်လုံ ညီလာခံ သုံးကြိမ်စလုံးမှာတော့ KNPP ကို လေ့လာသူအနေနဲ့သာ ဖိတ်ကြားခံခဲ့ရပါတယ်။ ညီလာခံ ပထမ အကြိမ်နဲ့ တတိယ အကြိမ်ကို တက်ရောက်ခဲ့ပါတယ်။
လက်ရှိအချိန်ထိတော့ ၂၁ ပင်လုံ ညီလာခံအတွက် တရားဝင် ဖိတ်ကြားထားတာ မရှိသေးပါဘူးလို့ KNPP က ပြောပါတယ်။
NCA လက်မှတ်မထိုးသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်လာ နိုင်ရေး နည်းလမ်းတွေကို ဆက်လက် ရှာဖွေနေတယ်လို့ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ NCA-S EAO ညှိနှိုင်းရေး အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်းက မတ်လ ၆ ရက်နေ့က အစိုးရနဲ့ တွေ့ဆုံပွဲမှာ ထည့်သွင်းပြော ကြားခဲ့ပါတယ်။