KNPP အဖွဲ့ ဦးအောင်မင်းနှင့် ဒုတိယအကြိမ်တွေ့ဆုံ

အပစ်အခတ် ရပ်စဲထားတဲ့ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP ရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ် ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့အဖွဲ့ဟာ မနေ့က ထိုင်း၊ မြန်မာနယ်စပ်မြို့ဖြစ်တဲ့ ထိုင်းနိုင်ငံ မြောက်ပိုင်း မယ်ဟောင်ဆောင်မြို့မှာ အလွတ်သဘော တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

2012.04.22
knpp-peace-talk-b305 ၂၀၁၂ ခုနှစ် မတ်လ ၇ ရက်က လွိုင်ကော်မြို့တွင် ဦးအောင်မင်း ခေါင်းဆောင်သော ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် ဆွေးနွေးပွဲ၌ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီမှ ဆွေးနွေးနေစဉ်။
RFA

ပြည်တောင်စု ဝန်ကြီး ဦးအောင်မင်းနဲ့ အဖွဲ့ဟာ နော်ဝေးနိုင်ငံကို သွားရောက်ခဲ့ပြီး အပြန်မှာ KNPP အဖွဲ့က ခူးဦးရယ် ခေါင်းဆောင်တဲ့ ၇ ဦးပါ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ မနေ့က ညနေပိုင်းမှာ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

KNPP ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ခေါင်းဆောင် ခူးဦးရယ်က အခုလို ပြောပါတယ်။

"ကျွန်တော်တို့ အရင်က ဆွေးနွေးခဲ့တဲ့ အကြောင်းအချက်တွေနဲ့ ပတ်သက်ပြီး သမ္မတဆီ ယူသွားပါဆိုတော့ သမ္မတကများ ဘာအတွေ့အကြုံများ ပြောလိုက်သလဲ။ တစ်ချက်ချင်းကို ဘယ်လိုများ သမ္မတက မိန့်မှာလိုက်သလဲ ဆိုတာကို ကျွန်တော်တို့ သူ့ကိုမေးတာ မြန်းတာ အလွတ်သဘောပါပဲ။ သဘောတူညီမှု ရပြီးနောက်ပိုင်း ဖြစ်ပျက်နေတဲ့ အခြေအနေတွေ ပတ်သက်ပြီးတော့ ဘာတွေများ ဖြစ်ပျက်ခဲ့သလဲပေါ့။ နောက် အဲဒါလေးတွေပဲ။ ကျွန်တော်တို့ တစ်ယောက်ကို တစ်ယောက် အပ်ပ်ဒိတ် လုပ်တဲ့သဘောပါပဲ။ နောက် ပြည်တောင်စုအဆင့်ကို သွားဖို့အတွက် ဘယ်အချိန်များ နှစ်ဘက်စလုံးအတွက် အဆင်ပြေနိုင်မလဲ ဆိုတဲ့ အချိန်လေးကိုပဲ ကျွန်တော်တို့ ညှိကြတာပါ။ ဒါပေမယ့် သဘောတူညီတဲ့ အဆင့်တော့ မရောက်နိုင်သေးဘူး။"

လွိုင်ကော်မြို့မှာ ပြီးခဲ့တဲ့ မတ်လဆန်းက အပစ်အခတ်ရပ်စဲရေး ပဏာမ သဘောတူညီကြောင်း လက်မှတ်ထိုးခဲ့စဉ်က KNPP ဘက်ကနေ အချက် ၂၀ တင်ပြတောင်းဆိုထားပြီး အဲဒီထဲက အချက် ၄ ချက်ကို သဘောမတူ ဖြစ်ခဲ့တာကြောင့် သမ္မတ ဦးသိန်းစိန်ထံ တင်ပြပြီးမှ အကြောင်းပြန်မယ်လို့ ဝန်ကြီး ဦးအောင်မင်းက ပြောဆိုထားခဲ့တာ ဖြစ်ပါတယ်။

မနေ့က ဆွေးနွေးပွဲဟာ ယေဘုယျသဘော ပြောဆိုတာမျိုး ဖြစ်တဲ့အတွက် အသေးစိတ် ဆွေးနွေးတာတွေကို ပြည်တောင်စုအဆင့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးချိန်မှ ဆက်ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ ခူးဦးရယ်က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။