ဖာပွန်မြို့နယ် စစ်ကောင်စီ ခေးပူတပ်စခန်းကို KNU သိမ်းယူ
2023.09.09
ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ခေးပူရွာအနီး ၁၆ နှစ်ကြာ တပ်စွဲခဲ့တဲ့ စစ်ကောင်စီ တပ်စခန်းကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၅ က စက်တင်ဘာလ ၈ ရက်မှာ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်က လွန်ခဲ့တဲ့ ၁၆ နှစ် ၂၀၀၇ ခုနှစ်မှာ စတင်အခြေချ နေရာယူခဲ့တာပါ။
KNU လက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပူးပေါင်းတပ်တွေက ခေးပူစခန်းကို စက်တင်ဘာလ ၆ ရက် မနက် ၅ နာရီခွဲမှာ စတင်တိုက်ခိုက်ခဲ့တာပါ။ မနက် ၇ နာရီ မိနစ် ၂၀ မှာတော့ စခန်းကို သိမ်းယူနိုင်ခဲ့တယ်လို့ KNU ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စခန်းသိမ်းတိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်သေဆုံးမှု အခြေအနေ အသေးစိတ်ကို ဖော်ပြတာမရှိပေမယ့် စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှု များတယ်လို့ ဆိုပါတယ်။
ခေးပူ စခန်းသိမ်းယူခံရပြီးနောက်မှာ စစ်ကောင်စီတပ်ဟာ စခန်းအနီးက သေသူးခီရွာ၊ ကော်ရော်ဘောထာ၊ ထီးဂေါ်ထာရွာ၊ တာခဲဒဲ ဒေသနဲ့ ဂယ်ယူဒဲရွာတွေကို စက်တင်ဘာလ ၆ ရက်ကနေ စက်တင်ဘာလ ၈ ရက်နေ့အထိ လေကြောင်းတိုက်ခိုက်မှု ခြောက်ကြိမ်အထိ ပြုလုပ်ခဲ့ပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသလို စစ်ကောင်စီရဲ့ ကရင်ပြောခွင့်ရသူ ဦးစောခင်မောင်မြင့်ကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
စက်တင်ဘာလ ၇ ရက်က ထုတ်ပြန်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက အစီရင်ခံစာအရ စစ်အာဏာသိမ်းပြီးနောက် စစ်တပ်စခန်း၊ရဲစခန်းနဲ့ စစ်တပ်က လက်နက်တပ်ဆင်ပေးထားတဲ့ ပျူစောထီးစခန်း စုစုပေါင်း စခန်း ၁၃၅ ခု သိမ်းယူခံခဲ့ရပါတယ်။