KNU နယ်မြေအတွင်း တိုက်ပွဲကြောင့် နိုဝင်ဘာလမှာ အရပ်သား ၁၂ ဦးသေ၊ ၂၈ ဦး ဒဏ်ရာရ
2022.12.06

ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်ဒေသက တိုက်ပွဲတွေကြောင့် နိုဝင်ဘာလအတွင်း အရပ်သား ၁၂ ဦးသေဆုံးပြီး ၂၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက ဒီဇင်ဘာလ ၆ ရက် ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
KNU က ထိန်းချုပ်ထားတဲ့ နယ်မြေ ခုနစ်ခုအနက် နယ်မြေခြောက်ခုမှာ စစ်ကောင်စီတပ်နဲ့ KNU လက်အောက်ခံ တပ်တွေအကြား တိုက်ပွဲဖြစ်ပွားနေတာပါ။ နိုဝင်ဘာလအတွင်း ပစ်ခတ်တိုက်ခိုက်မှုပေါင်း ၂၉၀ ဖြစ်ပွားခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။
ဒီတိုက်ပွဲတွေအတွင်း KNU လက်အောက်ခံတပ်တွေဘက်က ၃၀ ဦး သေဆုံးပြီး ၆၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီဘက်က ပိုပြီးအထိနာတယ်လို့ KNU က ထုတ်ပြန်ခဲ့ပြီး တစ်လအတွင်း စစ်ကောင်စီတပ်က ၃၃၃ ဦး သေဆုံးပြီး ၂၃၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
KNU က အခုလိုထုတ်ပြန်ပေမယ့် စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှု အရေအတွက်ကို RFA က သီးခြားအတည်မပြုနိုင်ပါဘူး။
စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကိုလည်း RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။
KNU ဟာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးခဲ့ပေမယ့် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း အရပ်သား လက်နက်ကိုင်ခုခံသူတွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို ပြန်လည်တိုက်ခိုက်နေတာပါ။
စစ်ကောင်စီက KNU ကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်နေပေမယ့် KNU က ပယ်ချခဲ့ပါတယ်။
KNU ဗဟိုရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းပြီးနောက် KNU ထိန်းချုပ်နယ်မြေမှာ စစ်ကောင်စီတပ်နဲ့ KNU လက်အောက်ခံ လက်နက်ကိုင်တပ်တွေအကြား ပစ်ခတ်တိုက်ခိုက်မှုပေါင်း ၇၀၀၀ ကျော် ဖြစ်ပွားခဲ့ပါတယ်။