အာရှလမ်းမ ပြန်ဖွင့်ဖို့ ကရင်လက်နက်ကိုင်အဖွဲ့တွေ ဆွေးနွေး

RFA Burmese
2024.09.30
အာရှလမ်းမ ပြန်ဖွင့်ဖို့ ကရင်လက်နက်ကိုင်အဖွဲ့တွေ ဆွေးနွေး ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တပ်ရင်း (၃) မှ တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။
KNU Photo

ထိုင်း-မြန်မာနယ်စပ်အတွက် အဓိကုန်သွယ်ရေးလမ်းမတစ်ခုဖြစ်တဲ့ အာရှလမ်းမ ပြန်ဖွင့်နိုင်ဖို့ ကရင်လက်နက်ကိုင်အဖွဲ့တွေ စက်တင်ဘာလ ၂၄ ရက်နေ့က အလွတ်သဘောတွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်လို့ အဲဒီအခြေအနေကိုသိတဲ့ RFA ရဲ့ သတင်းအရင်းမြစ်တွေက စက်တင်ဘာလ ၃၀ ရက် ဒီနေ့မှာ ပြောပါတယ်။

ကရင်ငြိမ်းချမ်းရေးကောင်စီ (KNLA-PC) နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) နဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) တို့ တွေ့ဆုံဆွေးနွေးခဲ့တာပါ။

အာရှလမ်းမ ပြန်ဖွင့်နိုင်ဖို့အတွက် တိုက်ပွဲတွေဆက်မဖြစ်ဖို့နဲ့ စစ်ကောင်စီဘက်က စစ်ကြောင်းတွေ ထိုးမလာဖို့ စတဲ့အချက်တွေကို ထည့်သွင်းဆွေးနွေးကြတယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွေကြောင့် အာရှလမ်းမပိတ်ထားတာ တစ်နှစ်ခန့်ရှိလာပြီးနောက် ထိုင်း-မြန်မာ ကုန်သွယ်ရေးတချို့ ထိခိုက်နေတာကြောင့် ပြန်ဖွင့်ဖို့ တွေ့ဆုံဆွေးနွေးခဲ့တာလို့ ဒီအခြေအနေကိုသိတဲ့ အမည်မဖော်လိုတဲ့ RFA ရဲ့သတင်းအရစ်အမြစ်တစ်ဦးက ပြောပါတယ်။

"အဓိကကတော့ စစ်ကောင်စီဘက်က စစ်ကြောင်းမထိုးဖိုး KNU က ပြောခဲ့တယ်ပေါ့။ စစ်ကြောင်းထိုးမယ်ဆိုရင်တော့ တိုက်ပွဲတွေဆက်ဖြစ်မယ်ပေါ့။ တိုက်ပွဲဖြစ်ရင်တော့ လမ်းတွေပိတ်မှာပဲပေါ့။ ဒီလိုပြောခဲ့တာရှိတယ်လို့ သိထားပါတယ်"

အရင်က ထိုင်းနိုင်ငံဘက်အခြမ်းက ကုန်ပစ္စည်းသယ်ယူရာမှာ ကုန်စည်တစ်တန်ကို ငွေကျပ်တစ်သိန်းဝန်းကျင်သာရှိခဲ့ပေမဲ့ အာရှလမ်းမကြီး ပိတ်ပြီးနောက်ပိုင်း ကုန်စည်တစ်တန်ကို ငွေကျပ်ဆယ်သိန်းကျော်အထိ ပေးနေရတယ်လို့ သူကပြောပါတယ်။

ဒါ့အပြင် တိုက်ပွဲမဖြစ်တဲ့ တောတွင်းလမ်းတွေကနေ သွားနေရတာကြောင့် ဒေသခံတွေအနေနဲ့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေလည်း ရှိနေတယ်လို့ ပြောပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်လို့ အသေးစိတ်သိရဖို့ ဆွေးနွေးပွဲမှာ ပါဝင်ခဲ့သူတွေကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိသေးပါဘူး။

စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ဆင်ရေးစစ်ကြောင်းဟာ မြဝတီ - ကော့ကရိတ် အာရှလမ်းမကနေတဆင့် ဝင်ရောက်ပြီးနောက် ကရင်ပြည်နယ်အတွင်းတိုက်ပွဲတွေ ဆက်ဖြစ်နေတာပါ။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း ကရက်ပြည်နယ်အတွင်းမှာ KNUနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပေါင်း တစ်သောင်းကျော် ဖြစ်ခဲ့တယ်လို့ ကရင်အမျိုးအသား အစည်းအရုံးဗဟို (KNU) ကပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။