စစ်ကောင်စီက ကျင်းပမယ့် ၂၀၂၃ ရွေးကောက်ပွဲကို KNU လက်မခံ

2022.11.13
စစ်ကောင်စီက ကျင်းပမယ့် ၂၀၂၃ ရွေးကောက်ပွဲကို KNU လက်မခံ ၂၀၂၂ ခုနှစ် ၊နိုဝင်ဘာလ ၁၁ ရက်နေ့က ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်၊ တကောကျေးရွာမှာ ကရင်အမျိုးသားအစည်းအရုံးဦးဆောင်တဲ့ ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဒေသခံတွေ တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။
Photo: Karen National Union

ဒီမိုကရေစီကျင့်စဉ်ကို လက်ခံပေမယ့် အာဏာရှင်တရားဝင်ဖြစ်စေမယ့် ဆောင်ရွက်မှုတွေကို အားမပေးတဲ့အတွက် ၂၀၂၃ ရွေးကောက်ပွဲကို အားမပေးဘူးလို့ ကရင်အမျိုးသားအစည်းအရုံး KNU က နိုဝင်ဘာလ ၁၁ ရက်နေ့က လူထုနဲ့တွေ့ဆုံပွဲမှာ ပြောလိုက်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံးက ဦးဆောင်တဲ့ ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေဟာ လူထုနဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့မှာ လှိုင်းဘွဲ့မြို့နယ်၊ တကောကျေးရွာမှာတွေ့ဆုံခဲ့ကြပါတယ်။

ကရင်နိုင်ငံရေးပါတီတစ်ခုက ကိုယ်စားလှယ်တစ်ဦးက လာမယ့် ၂၀၂၃ ခုနှစ်မှာ စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲအပေါ် ကရင်အမျိုးသား အစည်းအရုံးအနေနဲ့ ဘယ်လိုသဘောထားရှိသလဲလို့ မေးမြန်းရာမှာ - 

“ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံးအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အစကတည်းက လက်မခံကြောင်း၊ တပ်မတော်ဟာ အရပ်သားအစိုးရဆီက အာဏာသိမ်းလိုက်သည့်အတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာလည်း ပျက်သွားပြီးဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေကိုနားလည် တတ်ကျွမ်းတဲ့ ပညာရှင်တွေကလည်း တပ်မတော်က အာဏာသိမ်းလိုက်တဲ့အတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပျက်ဆီးသွားခဲ့ပြီးဖြစ်ကြောင်း၊ ဒါ့ကြောင့် ၂၀၂၃ ခုနှစ်တွင် ကျင်းပမယ့် ရွေးကောက်ပွဲဟာ အာဏာသိမ်း စစ်ကောင်စီက တရားဝင်မှုရရှိရေးအတွက်ကြိုးပမ်းခြင်းသာ ဖြစ်ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံကို ပြန်လည်အသက်သွင်းခြင်းသာဖြစ်သောကြောင့် မိမိတို့အနေဖြင့် ဒီမိုကရေစီကျင့်စဉ် နည်းလမ်းကို လက်ခံသော်လည်း အာဏာရှင်ကို တရားဝင်ဖြစ်စေမည့် ဆောင်ရွက်မှုများတွေကို အားမပေးကြောင်း” KNU ဘက်က သဘောထားကို ရှင်းလင်းခဲ့တယ်လို့ KNUက ဒီနေ့ သတင်းထုတ်ပြန်ထားပါတယ်။ 

313978182_465853088983238_4133836732226458570_n.jpg
၂၀၂၂ ခုနှစ် ၊နိုဝင်ဘာလ ၁၁ ရက်နေ့က ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်၊ တကောကျေးရွာမှာ ကရင်အမျိုးသားအစည်းအရုံးဦးဆောင်တဲ့ ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဒေသခံတွေ တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (Photo: Karen National Union)


တွေ့ဆုံပွဲမှာ ဒေသခံတွေက ကရင်ပြည်နယ်အတွင်း တိုက်ပွဲတွေဖြစ်နေတာကို မလိုလားကြောင်း တင်ပြကြတယ်လို့ ပြောပါတယ်။

ဒီဆွေးနွေးပွဲဟာ စစ်ကောင်စီက အာဏာသိမ်းပြီးနောက် နှစ်နှစ်နီးပါးကာလအတွင်း လက်ရှိနိုင်ငံရေး အခင်းအကျင်းအပေါ် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးရဲ့ ရပ်တည်ချက်၊ ဦးတည်ချက်နဲ့ နိုင်ငံရေးလမ်းစဉ်တွေကို ပြည်သူ့လူထုကို အသိပေးတဲ့ ပထမဆုံးပွဲဖြစ်တယ်လို့ ပြောပါတယ်။

ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဒေသခံတွေတွေ့ဆုံပွဲကို ကရင်လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေ၊ ဘာသာရေး ခေါင်းဆောင်တွေ၊ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဖားအံခရိုင်အတွင်းက လှိုင်းဘွဲမြို့နယ်၊ ပိုင်ကျုံမြို့နယ်၊ နဘူးမြို့နယ်၊ ထီလုံမြို့နယ်၊ ဒုံရင်းမြို့နယ်တို့က မြို့နယ်ခေါင်းဆောင်တွေ၊ ကျေးနယ်အုပ်စုမှူးတွေနဲ့ ပြည်သူ စုစုပေါင်း (၁၅၀၀) ကျော် တက်ရောက်ခဲ့တယ်လို့ KNU က သတင်းထုတ်ပြန်ထားပါတယ်။



မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။