KNU ညီလာခံကနေ ခေါင်းဆောင်သစ် ခြောက်ဦး ရွေးချယ်
2023.05.03

ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ ၁၇ ကြိမ်မြောက်ညီလာခံကနေ ဥက္ကဋ္ဌအပါအဝင် ခေါင်းဆောင်ခြောက်ဦးကို မဲပေးရွေးချယ်တင်မြှောက်လိုက်ပါတယ်။
မေလ ၂ ရက်နေ့က KNU ဥက္ကဋ္ဌအဖြစ် ပဒိုစောကွယ်ထူးဝင်းကို ရွေးချယ်တင်မြှောက်ခဲ့ပြီးနောက် မေလ ၃ရက်နေ့မှာတော့ ဒုဥက္ကဋ္ဌအဖြစ် ပဒိုစောဆဲဂေ၊ အထွေထွေအတွင်းရေးမှူးအဖြစ် ပဒိုစောတာဒိုမူး၊ တွဲဖက်အတွင်းရေးမှူး (၁) အဖြစ် ပဒိုစောသောသီဘွဲ၊ တွဲဖက်အတွင်းရေးမှူး (၂) အဖြစ် ပဒိုစောလှထွန်းနဲ့ ဗဟိုတရားသူကြီးချုပ်အဖြစ် ပဒိုနော်မြိုင်ဖိုးတို့ကို ရွေးချယ်တင်မြှောက်လိုက်တာလို့ ညီလာခံတက်ရောက်ခဲ့တဲ့ အမည်မဖော်လိုသူတစ်ဦးကပြောပါတယ်။
ဒီညီလာခံမှာ တပ်ဟာ ၇ ခုက တာဝန်ရှိသူတွေ၊ ဗဟိုကော်မတီဝင်တွေနဲ့ လူ ၁၀၀ကျော် တက်ရောက်ခဲ့ပြီး ဗဟိုကော်မတီဝင် ၄၅ ဦးကို အရင်ဆုံးရွေးချယ်ခဲ့ပြီးနောက် အဲဒီကနေ ဥက္ကဋ္ဌအပါအဝင် ခြောက်ဦးကို မဲပေးရွေးချယ်ခဲ့တာဖြစ်ပါတယ်။
အရင်က KNU ညီလာခံကို လေးနှစ်တစ်ကြိမ် ကျင်းပနေတာဖြစ်ပြီး ကိုဗစ်ကပ်ရောဂါဖြစ်ပွားမှု၊ စစ်တပ်အာဏာသိမ်းမှုတို့ကြောင့် သုံးနှစ်ဝန်းကျင် ရွှေ့ဆိုင်းခဲ့ရပြီး ဒီနှစ် ဧပြီ ၂၄ ရက်နေ့ကမှ စတင်ကျင်းပခဲ့တာဖြစ်ပါတယ်။
ဒီညီလာခံကို KNU တပ်မဟာ ၂ နဲ့ ၅တို့က ကိုယ်စားလှယ်တွေ အွန်လိုင်းကနေ တက်ရောက်ခဲ့ပေမယ့် ဆန္ဒမဲပေးရာမှာ ပါဝင်ခြင်းမရှိဘူးလို့ သိရပါတယ်။
အခြေအနေအသေးစိတ်ကို သိရဖို့ တပ်မဟာ ၅ ပြောရေးဆိုခွင့်ရှိသူ ပဒိုမန်းမန်းကို RFA က ဆက်သွယ်နေဆဲဖြစ်ပါတယ်။