ဖာပွန်ခရိုင်မှာ တစ်လအတွင်း တိုက်ပွဲ နှစ်ရာနီးပါးဖြစ်ခဲ့

RFA Burmese
2023.08.05
ဖာပွန်ခရိုင်မှာ တစ်လအတွင်း တိုက်ပွဲ နှစ်ရာနီးပါးဖြစ်ခဲ့ ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့က တွေ့ရစဉ်။
𝗞𝗮𝗿𝗲𝗻 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗨𝗻𝗶𝗼𝗻

ကရင်ပြည်နယ်က ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ KNLA တပ်မဟာ (၅) ထိန်းချုပ်နယ်မြေ ဖာပွန်ခရိုင်မှာ ဇူလိုင်လအတွင်း တိုက်ပွဲ ၁၈၉ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ KNU က ဇူလိုင်လ ၄ ရက် မနေ့က သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု ကြောင့် အရပ်သားနှစ်ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ ဇူလိုင်လအတွင်း တိုက်ပွဲတွေမှာ လေကြောင်းကနေ ဗုံး ၁၂ လုံး ကြဲချတာ၊ လက်နက်ကြီးကျည်နဲ့ ၁၁ လုံးအထိ ပစ်ခတ်တာတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဖာပွန်ခရိုင်က တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ၁၀၉ ဦး သေဆုံးပြီး ၈၂ ဦး ဒဏ်ရာရတယ်လို့ ဖော်ပြထားပြီး KNLA ဘက်က တစ်ဦး သေဆုံးပြီး ငါးဦး ထိခိုက်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

နှစ်ဖက်ထိခိုက်သေဆုံးမှုတွေနဲ့ ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဖာပွင်ခရိုင်အတွင်း တိုက်ပွဲတွေနဲ့ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်တာ မရှိသလို စစ်ကောင်စီ ကရင်ပြည်နယ် ပြောခွင့်ရသူ ဦးစောခင်မောင်မြင့်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် လုံခြုံရေးကိစ္စတွေကို ဖြေဆိုလို့မရဘူးလို့ ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ KNU လက်အောက်ခံ တပ်တွေအကြား တိုက်ပွဲပေါင်း တစ်သောင်းကျော်ဖြစ်ပွားခဲ့ပြီး ဒေသခံ ခြောက်သိန်းနီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။