နှစ်ရက်အတွင်း ညောင်လေးပင်ခရိုင် ဒေသခံ ရှစ်ထောင်ကျော် စစ်ဘေးရှောင်နေရ

ကျော်လွင်ဦး (ဝါရှင်တန်ဒီစီ)
2023.05.16
နှစ်ရက်အတွင်း ညောင်လေးပင်ခရိုင် ဒေသခံ ရှစ်ထောင်ကျော် စစ်ဘေးရှောင်နေရ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်းမှ တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံတချို့အား ၂ဝ၂၃ ခုနှစ် မေလ ၁၆ ရက်နေ့က တွေ့ရစဉ်။
Karen National Union

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၃ ထိန်းချုပ်နယ်မြေ ပဲခူးတိုင်း ညောင်လေးပင်ခရိုင်မှာ စစ်ကောင်စီတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် နှစ်ရက်အတွင်း ဒေသခံ ရှစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကရင်အမျိုးသားအစည်အရုံး KNU ဗဟိုက မေလ ၁၆ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

တပ်မဟာ ၃ ထိန်းချုပ်ရာ ခလယ်လွီထုခရိုင် မူးမြို့နယ်အတွင်းကို မေလ ၁၄ ရက်နေ့ကစပြီး စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကျေးရွာရှစ်ရွာက ဒေသခံ ရှစ်ထောင်ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ခမရ ၁၅ ၊ ခလရ ၈၄ ၊ ခလရ ၇၃ ၊ ခမရ ၅၉၉ စတဲ့ စစ်ကောင်စီတပ်တွေနဲ့ KNU လက်အောက်ခံ ပူးပေါင်းတပ်တွေ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ဒေသခံတွေ ထွက်ပြေးနေရတာလို့ ထုတ်ပြန်ထားတာပါ။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်တွေရဲ့ ထိုးစစ်ဆင်တိုက်ခိုက်တာ၊ လေကြောင်းတိုက်ခိုက်တာတွေကြောင့် KNU ထိန်းချုပ်နယ်မြေတွေမှာ လူလေးသိန်းကျော် စစ်ဘေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။