စစ်ကိုင်းတိုင်းကို ဖက်ဒရယ်ယူနစ်တစ်ခုရဖို့ KNU မျှော်လင့်

ဖက်ဒရယ်ပြည်ထောင်စုသစ်တည်ဆောက်ရာမှာ စစ်ကိုင်းတိုင်းကို ဖက်ဒရယ်ယူနစ်တစ်ခုအဖြစ်ပါဝင်ဖို့ မျှော်လင့်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က စစ်ကိုင်းဖိုရမ်ကို မေလ ၃၀ ရက်နေ့က ပေးပို့တဲ့ သဝဏ်လွှာမှာ ပြောလိုက်ပါတယ်။
နွေဦးတော်လှန်ရေးမှာ ပထမဆုံးလက်နက်ကိုင်တော်လှန်ရေးစတင်ရာဖြစ်တဲ့ စစ်ကိုင်းတိုင်းဒေသကို ဦးဆောင်တဲ့ ခေါင်းဆောင်တွေရဲ့ နိုင်ငံရေးရည်မှန်းချက်ခိုင်မာမှု၊ အမျှော်အမြင်ရှိမှုတွေနဲ့အတူ မိမိကြမ္မာ မိမိဖန်တီးခွင့်ကိုကျင့်သုံးပြီး ဒီဖိုရမ်ကနေ ညှိနှိုင်းဆွေးနွေးမှု အဆင်အဆင့်ကနေ ဖက်ဒရယ်တစ်ယူနစ်အဖြစ် ဖွဲ့စည်းနိုင်ရေးကို တိုက်တွန်းကြောင်း သဝဏ်လွှာမှာဖော်ပြထားပါတယ်။
ပြည်သူတွေရဲ့ လိုအပ်ချက်တွေ၊ အသက်အိုးအိမ် လုံခြုံရေးကို ကာကွယ်နိုင်ရေးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ဖို့လည်း KNU က ဆန္ဒပြုထားပါတယ်။
စစ်အာဏာရှင်စနစ်အပါအဝင် မည်သည့်အာဏာရှင်စနစ်မဆို ချုပ်ချုပ်ရေးနဲ့ ဗမာ အပါအဝင် တိုင်းရင်းသားတွေအားလုံး အတူတကွငြိမ်းချမ်းချမ်းစွာ ယှဉ်တွဲနေထိုင်တဲ့ ဖက်ဒရယ်စနစ်ပေါ်ပေါက်ဖို့ ရရာလက်နက်စွဲကိုင်ခုခံတော်လှန် တိုက်ပွဲဝင်နေတဲ့ စစ်ကိုင်းတိုင်းက တော်လှန်ရေးအင်အားစုတွေအားလုံး ဘေးရန်ကင်းဖို့လည်း KNU ဆုတောင်းထားပါတယ်။
ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ ကလည်း နွေဦးတော်လှန်ရေးမှာ လက်နက်ကိုင်တော်လှန်ရေးအပါအဝင် နည်းလမ်းပေါင်းစုံနဲ့ အာဏာရှင်စနစ်ကို တိုင်းလုံးကျွတ်ခုခံတော်လှန်နေတဲ့ စစ်ကိုင်းတိုင်းက တော်လှန်ရေး၊ နိုင်ငံရေးအင်အားစုတွေ အားလုံး ပူးပေါင်းပါဝင်ဆွေးနွေးတဲ့ စစ်ကိုင်းဖိုရမ် အောင်မြင်စေဖို့နဲ့ စစ်ကိုင်းတိုင်းကို အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုရဲ့ စံပြဒေသကြီးတစ်ခုအဖြစ် ထူထောင်နိုင်ဖို့ သဝဏ်လွှာ ပေးပို့ ဆုတောင်းထားပါတယ်။
မေလ ၃ဝ ရက်နေ့နဲ့ ၃၁ရက်နေ့ နှစ်ရက်ဆက်တိုက်ကျင်းပတဲ့ စစ်ကိုင်းဖိုရမ်မှာ စစ်ကိုင်းတိုင်းအတွင်းက တော်လှန်ရေးအင်အားစုတွေအပြင် တစ်နိုင်ငံလုံးအနှံ့က လက်နက်ကိုင်အင်အားစုတွေ အွန်လိုင်းကနေ ပါဝင်ခဲ့ကြပါတယ်။