အာဆီယံတစ်ခုတည်းနဲ့ မြန်မာ့အရေး မဖြေရှင်းနိုင်ကြောင်း KNU ပြော
2024.10.15
အာဏာသိမ်းကာလ အချိန်ကြာလာပေမဲ့ အာဆီယံက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက်ငါးရပ်ကို ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်တာ မရှိတာကြောင့် မြန်မာ့အရေးကို အာဆီယံသာမကဘဲ နိုင်ငံတကာကလည်း ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်သင့်တယ်လို့ ကရင်အမျိုးသား အစည်းအရိုး (KNU) က RFA ကို အောက်တိုဘာ ၁၅ ရက် ဒီနေ့မှာ ပြောပါတယ်။
လာအိုနိုင်ငံမှာ ပြီးခဲ့တဲ့ ရက်ပိုင်းကကျင်းပခဲ့တဲ့ အာဆီယံ ထိပ်သီးညီလာခံအပြီး အာဆီယံဥက္ကဋ္ဌရဲ့ အောက်တိုဘာ ၁၃ ရက်နေ့ ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ KNU ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက အခုလို တုံ့ပြန်ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
“အာဆီယံတစ်ခုတည်းနဲ့ ပုံပြီးတော့ ပစ်ထားလို့လည်း ဘာမှဖြစ်လာမှာမဟုတ်ဘူး။ အဲဒီမှာ ပိုပြီးတော့ လုပ်ရမှာကတော့ ဒီအပြောင်းအလဲကို တကယ်လိုချင်တဲ့ အာဆီယံထဲက အဖွဲ့ဝင်တွေရော နိုင်ငံတကာ အသိုင်းအဝိုင်းဖြစ်တဲ့ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးကို တောက်လျှောက်ပြောနေတဲ့ အဖွဲ့အစည်းတွေ၊ နိုင်ငံတွေကလည်း ထဲထဲဝင်ဝင် ပါဝင်ဖို့သင့်တယ်”
မြန်မာ့အရေးကိုမဖြေရှင်းနိုင်ဘဲ ဒီအတိုင်းဆက်သွားရင် အိမ်နီးချင်းနိုင်ငံတွေရဲ့ ဒေသတွင်းပြဿနာကနေ ကမ္ဘာ့ပြဿနာအထိ ဖြစ်သွားနိုင်တယ်လို့ သူက ဆိုပါတယ်။
အာဆီယံ ထိပ်သီးညီလာခံအပြီး အာဆီယံရဲ့ အောက်တိုဘာ ၁၃ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံမှာ တိုက်ပွဲတွေ ချက်ချင်းရပ်ပြီး အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ထည့်သွင်းတောင်းဆိုထားတာပါ။
မြန်မာ ပြည်တွင်းတော်လှန်ရေး အင်အားစုတွေနဲ့ လေ့လာသုံးသပ်သူတွေကတော့ အာဆီယံရဲ့ တောင်းဆိုမှုဟာ လက်တွေ့ဖြစ်နိုင်ခြေ နည်းတယ်လို့ ပြောဆိုနေကြပါတယ်။
လာအိုနိုင်ငံ ဗီယန်ကျင်းမြို့မှာ အောက်တိုဘာ ၁၁ ရက်နေ့ကကျင်းပတဲ့ အရှေ့အာရှထိပ်သီးညီလာခံမှာ စင်ကာပူဝန်ကြီးချုပ် Lawrence Wong ကလည်း မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ရပ်တန့်ရေး၊ အာဆီယံမိတ်ဖက်နိုင်ငံတွေအနေနဲ့ ကူညီပေးကြဖို့ တောင်းဆိုခဲ့ပါတယ်။
အလားတူ မလေးရှားဝန်ကြီးချုပ် ဒါတွတ်ဆာရီ အန်နဝါ အီဘရာဟင်ကလည်း မြန်မာပြည်မှာ ရေရှည်တည်တံ့တဲ့ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရေးအတွက် အာဆီယံရဲ့ ဦးဆောင်ကြိုးပမ်းမှုနဲ့အတူ ကမ္ဘာလုံးဆိုင်ရာ အရေးယူဆောင်ရွက်မှုတွေလုပ်ဖို့ လာအိုနိုင်ငံ ဗီယန်ကျင်းမြို့မှာ အောက်တိုဘာ ၁၁ ရက်နေ့က ကျင်းပတဲ့ ၁၉ ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးအစည်းအဝေး EAS မှာ ပြောကြားထားပါတယ်။