စစ်အာဏာရှင်စနစ်ကို တစ်မျိုးသားလုံး တိုက်ထုတ်ဖို့ KNU တိုက်တွန်း
2025.02.11

နေရာအနှံ့အပြားမှာရှိနေတဲ့ ကရင်လူမျိုးတွေအနေနဲ့ ကိုယ်ရောက်ရှိရာဒေသတွေက လူမျိုးစုတွေနဲ့ ပူးပေါင်းပြီး အာဏာရှင်ကို တိုက်ထုတ်တွန်းလှန်ကြဖို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ ကျရောက်တဲ့ (၇၇) နှစ်မြောက် ကရင်အမျိုးသားနေ့ မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုပါတယ်။
စစ်တပ် အာဏာသိမ်းထားတဲ့ လက်ရှိအချိန်ဟာ စိန်ခေါ်မှု ကြီးမားတဲ့အချိန်ဖြစ်ပြီး တိုင်းရင်းသားပြည်သူတွေရဲ့ လိုလားချက်ဖြစ်တဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးနဲ့ လူမှုဘဝတိုးတက်ရေးကို မျက်ကွယ်ပြုတဲ့ စစ်အာဏာရှင်တို့ရဲ့ အုပ်ချုပ်ရေးနဲ့ ကြုံတွေ့နေရတာလို့ ဆိုပါတယ်။
ဒါကြောင့် ကရင်လူမျိုးတို့ရဲ့ ဖြစ်တည်မှု ရေရှည်တည်တံ့ခြင်းနဲ့ ပြည်သူလူထုတစ်ရပ်လုံးရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်နေတဲ့ အာဏာရှင်နဲ့ သူ့ရဲ့ ဒေါက်တိုင်တွေကို ဖြိုချတိုက်ခိုက်ဖို့ တိုက်တွန်းကြောင်း ပြောဆိုပါတယ်။
ဒီပြောဆိုချက်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုလာတာ မတွေ့ရသေးပါဘူး။
၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ ဒေသအသီးသီးက ကရင်လူမျိုး လေးသိန်းကျော် ဖဆပလ အစိုးရကို "ကရင်ပြည် ချက်ချင်းပေး"၊ "ကရင် တစ်ကျပ်၊ ဗမာတစ်ကျပ် ချက်ချင်းပြ"၊ "ပြည်တွင်းစစ် အလိုမရှိ"၊ "လူမျိုးရေး အဓိကရုဏ်း အလိုမရှိ" စတဲ့ တောင်းဆိုချက် လေးချက်နဲ့ ဆန္ဒပြခဲ့ကြပါတယ်။
ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်၊ အမျိုးသားတန်းတူရေး၊ ငြိမ်းချမ်းရေးနဲ့ အေးချမ်းစွာ ယှဉ်တွဲနေထိုင်ရေး စတဲ့ သဘောထားတွေကို ပထမဆုံးအကြိမ် တောင်းဆိုခဲ့တဲ့ အဲဒီနေ့ကို ၁၉၅၃ ခုနှစ်၊ နိုဝင်ဘာလမှာ ကျင်းပတဲ့ ကော်သူးလေ ကွန်ဂရက်မှာ “ကရင်အမျိုးသားနေ့”အဖြစ် စတင်သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။