ကိုးကန့်ဒေသမှာ ကိုယ်ပိုင်လက်နက်ကိုင်ဆောင်သူတွေ လက်နက်ပြန်အပ်ရန် MNDAA ထုတ်ပြန်
2024.01.23
ကိုးကန့်ဒေသအတွင်းမှာ ပုဂ္ဂလိကပိုင် ဝယ်ယူထားတဲ့ စစ်လက်နက်တွေကို ဖေဖော်ဝါရီလ ၅ ရက်နေ့ နောက်ဆုံးထားပြီး ပြန်လည်အပ်နှံဖို့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ခေါ် ကိုးကန့်တပ်ဖွဲ့က ဇန်နဝါရီလ ၂၃ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ကိုးကန့်ဒေသကို စစ်ကောင်စီထိန်းချုပ်ထားချိန်က ကိုယ်ပိုင်လက်နက်ဝယ်ယူ ကိုင်ဆောင်သူတွေရှိသလို ပြည်သူ့စစ်လက်အောက်ခံအဖြစ် လက်နက်ကိုင်ဆောင်သူ တွေရှိခဲ့တယ်လို့ MNDAA က ပြောပါတယ်။
လက်နက်တွေကို MNDAA ဒေသအုပ်ချုပ်ရေးအဖွဲ့တွေထံ သတ်မှတ်ရက်အတွင်း မအပ်နှံတဲ့သူတွေကို အရေးယူမယ်လို့ ဆိုပါတယ်။
ဒေသအတွင်း လက်နက်ရောင်းဝယ်တာဟာ ဥပဒေချိုးဖောက်တဲ့ လုပ်ရပ်ဖြစ်လို့ ကိုးကန့်တပ်ဖွဲ့ ထိန်းချုပ်တဲ့ အထူးဒေသ (၁) အတွင်းမှာ လက်နက်ရောင်းဝယ်တာမျိုး မလုပ်ဖို့နဲ့ တွေ့ရှိရင် ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ MNDAA အထူး ဒေသ (၁) စစ်ရေးအုပ်ချုပ်မှူကော်မတီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီ့အပြင် ဒေသတွင်း ဥပဒေနဲ့ စည်းမျဉ်းစည်းကမ်းတွေ မပြဋ္ဌာန်းခင်မှာ မြေယာရောင်း ဝယ်တာ၊ ဟိုတယ် လွှဲပြောင်းတာ၊ မော်တော်ယာဉ် ရောင်းဝယ်တာ၊ နေအိမ်ဆောက်လုပ် တာတွေ ရပ်ဆိုင်းထားရမယ်လို့ ဆိုပါတယ်။
၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်မှာ စတင်တဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ စစ်ဆင်ရေးဟာ တရုတ်ရဲ့ ကြားဝင် စေ့စပ်မှုကြောင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်မှာ အပစ်အခတ် ရပ်စဲခဲ့ပါတယ်။
၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းက ချင်းရွှေဟော်၊ လောက်ကိုင်၊ မုံးကိုး၊ ကြူကုတ် (ပန်ဆိုင်း)၊ ကုန်းကြမ်း၊ ကွမ်းလုံ မြို့တွေကို MNDAAက သိမ်းယူခဲ့ပြီး အုပ်ချုပ်ရေးစနစ်တွေ အကောင်အထည် ဖော်နေပါတယ်။