CDM တွေရဲ့ ပထမအကြိမ် ဘွဲ့နှင်းသဘင် လိုင်ဇာမှာပြုလုပ်
2023.02.25
ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာမှာရှိတဲ့ ကချင်ပြည်နယ် ပညာရပ်စုံ တက္ကသိုလ် (Kachin State Comprehensive University (KSCU) ရဲ့ ပထမအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။
အဲဒီတက္ကသိုလ်မှာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာပါဝင်တဲ့ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူတွေ တက်ရောက်နေပြီး CDM ဝန်ထမ်းတွေကပဲ သင်ကြား ပေးနေတာဖြစ်ပါတယ်။
ပထမအကြိမ် ဘွဲနှင်းသဘင်အခမ်းအနားမှာ မြန်မာစာ၊ အင်္ဂလိပ်၊ ဓာတုဗေဒ၊ စိတ်ပညာ၊ ပထဝီ၊ ဉပဒေ၊ စီးပွားရေး၊ သမိုင်း၊ ဒဿနိကဗေဒ စတဲ့ ဘာသာရပ်တွေကနေ ကျောင်းသား၊ ကျောင်းသူ ၆၃ ဦး ဘွဲ့ရခဲ့ပါတယ်။
တက္ကသိုလ်ရဲ့ အဓိပတိဖြစ်သူ ကချင်လွတ်မြောက်ရေးကောင်စီ (KIC) ဒုတိယဥက္ကဋ္ဌ (၁) ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က ဘွဲ့ရမောင်မယ်တွေအနေနဲ့ မိမိကံကြမ္မာ မိမိဖန်တီးနိုင်ခွင့် အတွက် ကြိုးစားနေဆဲကာလဖြစ်သလို တော်လှန်ရေးကြီးမှာ ပါဝင်နေကြတဲ့ အသိပညာရှင်၊ အတတ်ပညာရှင်လူငယ်တွေနဲ့ CDM ဝန်ထမ်းတွေကဲ့သို့ သမိုင်းပေး တာဝန်တွေကို ထမ်းဆောင်ကြရတော့မယ်လို့ ဘွဲ့နှင်းသဘင်မိန်းခွန်းမှာ ထည့်သွင်း ပြောခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပညာရေးဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးကလည်း ဒီတက္ကသိုလ်ဟာ ဖက်ဒရယ် ဒီမိုကရေစီပညာရေးရဲ့ ခြေလှမ်းအစဖြစ်တယ်လို့ အွန်လိုင်းက တစ်ဆင့် ဂုဏ်ပြုနှုတ်ဆက်စကား ပြောခဲ့ပါတယ်။
"Kachin State comprehensive university ဟာ ကျနော်တို့ရဲ့ တော်လှန်ရေးရဲ့ လိုအပ်ချက်အရ ပေါ်ပေါက်လာတဲ့ တက္ကသိုလ်ဖြစ်ပါတယ်။ ဒီကချင်ဒေသရဲ့ လိုအပ်ချက်များကို ကျနော်တို့လူတွေအားလုံးသွားချင်တဲ့၊ လိုချင်တဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုမှာ ဖြည့်ဆည်းပေးနေတဲ့ တက္ကသိုလ်ဖြစ်ပါတယ်။ တကယ်တော့ ဖက်ဒရယ်ဒီမိုကရေစီပညာရေးရဲ့ ဒါက ခြေလှမ်းအစ၊ ခြေလမ်းအသစ် ဖြစ်တယ်လို့ ကျနော်ယုံကြည်ပါတယ်"
မြစ်ကြီးနားတက္ကသိုလ်မှာ တတိယနှစ်အထိတက်ခဲ့ပြီး CDM လုပ်ခဲ့တဲ့ ကျောင်းသားတစ်ဦး ကလည်း ဒီနေ့ အခုလို ဘွဲ့ပြန်ရတဲ့အပေါ် ဝမ်းသာတယ်လို့ RFA ကိုပြောပါတယ်။
"တတိယနှစ်က မြစ်ကြီးနားမှာ တက်ထားပြီး အခုအာဏာသိမ်းပြီးတော့ ပြန်သွား မတက်ချင်လို့ ဒီမှာဖွင့်တော့ ဒီမှာလာတက်တာ။ အရင် ဟိုမှာတက်ထားတာနဲ့ ဒီမှာပြန်တက်တာ စိတ်ထဲမှာ တစ်မျိုးတော့ ခံစားရတယ်။ အရင်လို နိုင်ငံရေး အခြေအနေကောင်းတဲ့အချိန် ဘွဲ့ရရင်တော့ စည်းစည်ကားကားနဲ့ ဘွဲ့ယူလို့ရတာပေါ့။ ဒီမှာလည်း ပျော်တော့ပျော်တယ်၊ ဘာပဲဖြစ်ဖြစ် ဘွဲ့တစ်ခုရသွားတော့"
အာဏာသိမ်းမှုကြောင့် CDM လုပ်ခဲ့ကြပြီး ပညာဆက်မသင်ရတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို အဆင့်မြင့် ပညာသင်ကြားနိုင်ရေးအတွက် ကချင်ပြည်နယ် ပညာရပ်စုံ တက္ကသိုလ် (Kachin State Comprehensive University (KSCU) ကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၂ နေ့မှာ စတင်ဖွင့်လှစ်ခဲ့တာပါ။