လွိုင်လင်လေးမြို့မှာ ကျောင်းဖွင့်လို့ဆိုပြီး ဖမ်းခဲ့တဲ့ ဆရာ၊ ဆရာမခြောက်ဦးကို KSP ပြန်လွှတ်ပေး

2022.07.04
လွိုင်လင်လေးမြို့မှာ ကျောင်းဖွင့်လို့ဆိုပြီး ဖမ်းခဲ့တဲ့ ဆရာ၊ ဆရာမခြောက်ဦးကို KSP ပြန်လွှတ်ပေး ကရင်နီပြည်ရဲတပ်ဖွဲ့ (KSP) မှ ပြန်လွှတ်ပေးခဲ့သည့် ကျောင်းဆရာများကို ၂၀၂၂ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့မှာ တွေ့ရစဥ်
ဓာတ်ပုံ - KSP
ကရင်နီပြည်ရဲတပ်ဖွဲ့ (KSP) က ၁၀ ရက်ကျော် ဖမ်းဆီးထားခဲ့တဲ့ လွိုင်လင်လေးမြို့၊ အောင်မင်္ဂလာရပ်ကွက်၊ အထက်တန်းကျောင်းက ကျောင်းဆရာ၊ ဆရာမ ခြောက်ဦးကို ပြန်လွှတ်ပေးလိုက်ပြီလို့ ဒီနေ့မှာပဲ KSP က ထုတ်ပြန်ပါတယ်။
 
အဲဒီဆရာ၊ ဆရာမတွေကို ခွင့်ပြုချက်မရှိဘဲ စစ်ကောင်စီရဲ့ ကျောင်းဖွင့်လှစ်နေလို့ဆိုပြီး ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်နေ့က ကရင်နီရဲတွေနဲ့ ကရင်နီအမျိုးသား ကာကွယ်ရေးတပ် (KNDF) ရဲ့ တပ်ရင်း - ၁၂ က ဖမ်းဆီးထားခဲ့တာ ဖြစ်ပါတယ်။
 
ဖမ်းထားသူတွေကို စစ်ဆေးပြီးရင် စီရင်ချက်ချမယ်လို့ KSP က ပြီးခဲ့တဲ့ ဇွန် ၂၇ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပေမဲ့ ဇူလိုင်လ ၄ ရက် ဒီနေ့မှာတော့ ပြန်လွှတ်ပေးလိုက်တယ်လို့ ထပ်မံ ထုတ်ပြန်လာတာပါ။
 
KSP က ပြန်လွှတ်ပေးလိုက်ပြီလို့ ထုတ်ပြန်ပေမဲ့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို ပြန်လည်လွတ်မြောက်လာတဲ့ ဆရာ ၊ ဆရာမတွေနဲ့ အဆက်အသွယ်ရဖို့လည်း ကြိုးစားနေပါတယ်။
 
ကရင်နီပြည်ရဲတပ်ဖွဲ့ရဲ့ ဒီနေ့ကြေညာချက်ထဲမှာ KSP နဲ့ ကရင်နီပြည်နယ်ထဲကက အဖွဲ့ အစည်းတွေဟာ ပြည်နယ်အတွင်း ပညာရေးကို အလေးထားသလို စစ်ပွဲကာလအတွင်း ကလေးငယ်တွေကို ပညာသင်ကြားခွင့် ပြုထားတယ်လို့လည်း ဖော်ပြထားပါတယ်။
 
ဒါပေမဲ့ စာသင်ကျောင်းတွေ ဖွင့်လှစ်သင်ကြားမယ်ဆိုရင် သက်ဆိုင်ရာနယ်မြေအတွင်းက ကာကွယ်ရေး အဖွဲ့အစည်းတွေကို အကြောင်းကြားပြီး ခွင့်ပြုချက်ယူဖို့ လိုတယ်လို့ ဆိုပါတယ်။
 
စစ်ကောင်စီဘက်ကတော့ ၂၀၂၁ ဖေဖော်ဝါရီလ ကနေ ၂၀၂၂ ခုနှစ်၊ မေလ ၂၇ ရက်နေ့ အတွင်း ပညာရေးဝန်ထမ်း ၄၀ ဦး သေဆုံးခဲ့ရသလို ၁၁ ယောက်ပျောက်ဆုံးခဲ့တယ်လို့ ထုတ်ပြန်ထား ပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။