ကွတ်ခိုင်မြို့ ဗုံးကြဲခံရလို့ လေးဦးထက်မနည်း သေဆုံး

RFA Burmese
2024.08.05
ကွတ်ခိုင်မြို့ ဗုံးကြဲခံရလို့ လေးဦးထက်မနည်း သေဆုံး လေကြောင်းကနေ ဗုံးကြဲခံရသည့် ကွတ်ခိုင်မြို့ကို ၂၀၂၄ ခုနှစ် သြဂုတ်လ ၅ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

[Update: 10:00 PM, Aug 05, 2024]

တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့ကို စစ်ကောင်စီတပ်က ဩဂုတ်လ ၅ ရက် ဒီနေ့ညနေ ၃ နာရီမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ လေးဦးထက်မနည်း သေဆုံးပြီး နောက်ထပ် လူ ဆယ်ဦးခန့် ဒဏ်ရာရထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြို့လယ်မှာ ဆိုင်ကယ်နဲ့ သွားလာနေကြတဲ့ လမ်းသွားလမ်းလာ လေးဦး သေဆုံးသွားတာဖြစ်ပြီး အများအပြား ဒဏ်ရာရခဲ့တာပါ။

နေ့လယ် ၁ နာရီခန့်မှာ ကင်းထောက်လေယာဉ်နဲ့ ရှစ်ကြိမ်ခန့် ပတ်ပြီးမှ ဂျက်တိုက်လေယာဉ်နဲ့ မြို့လယ်ကောင်က ဈေးနဲ့ မီးပွိုင့်လမ်းဆုံနေရာတွေကို ဗုံးကြဲချခဲ့တာလို့ ကွတ်ခိုင် ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ကင်ထောက်လေယာဉ်လာပြီး ပြန်သွားပြီး နာရီဝက် အကျော်လောက်မှာ ဗုံးလာကြဲတာ။ ဈေးနေရာက ထိခိုက်မှုများတယ်။ လူနာတင်ကားတွေလည်း သွားနေကြပြီ။ လူထိခိုက်မှုတွေ ရှိတယ်။ ဘယ်နှယောက်ဆိုတာ အတိအကျ မသိရသေးဘူး”

စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ငါးဦးသေဆုံးပြီး လေးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က ဩဂုတ်လ ၅ ရက်နေ့ညမှာ သတင်းထုတ်ပြန်ပါတယ်။ ဆိုင်ကယ်မောင်းနှင်လာသူ အမျိုးသား သုံးဦးနဲ့ မြို့လယ်က ဒေသခံ နှစ်ဦး သေဆုံးသွားခဲ့တာလို့ TNLA က ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေးကာလ ပထမပိုင်းကတည်းက ကွတ်ခိုင်မြို့ကို TNLA က သိမ်းပိုက်ထိန်းချုပ်ထားပြီးနောက် ပထမဆုံးအကြိမ် စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ ကွတ်ခိုင်မြို့မှာ ဆက်သွယ်ရေး ဖုန်းလိုင်းတွေ ပြတ်တောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA ကဆက်သွယ်ခဲ့ပေမဲ့ အကြောင်းမပြန်ပါဘူး။

ပြီးခဲ့တဲ့ ဇူလိုင်လ အတွင်းကလည်း ကွတ်ခိုင်မြို့နဲ့ တစ်ဆက်တည်းရှိတဲ့ ကိုးကန့်တပ်မတော် (MNDAA) ထိန်းချုပ်ထားတဲ့ သိန္နီမြို့ကို စစ်ကောင်စီတပ် လေကြောင်းနေ အကြိမ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁၂ ဦး သေဆုံးခဲ့ပါတယ်။

(မှတ်ချက်။ ဤသတင်းနှင့်ပတ်သက်၍ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၏ ထုတ်ပြန်ချက်ကို ဖြည့်စွက်ရေးသားထားပါသည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။