ကျောက်ကြီးမြို့နယ်မှာ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦး သေဆုံး

RFA Burmese
2023.08.25
ကျောက်ကြီးမြို့နယ်မှာ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦး သေဆုံး ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်အတွင်း လေကြောင်းတိုက်ခိုင်မှုကြောင့် ပျက်စီးသွားသည့် နေအိမ်တစ်လုံးကို ၂၀၂၃ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့က တွေ့ရစဉ်။
𝗞𝗮𝗿𝗲𝗻 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗨𝗻𝗶𝗼𝗻

ပဲခူးတိုင်း ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်ထဲကို စစ်ကောင်စီတပ်က ဩဂုတ်လ ၂၄ ရက်နေ့ နေ့လယ်ပိုင်းမှာ ဂျက်တိုက်လေယာဉ်နဲ့ လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သားတစ်ဦး သေဆုံးခဲ့တယ်လို့ ကရင်မျိုးသား အစည်းအရုံး KNU က ဩဂုတ်လ ၂၅ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

ကျောက်ကြီးမြို့နယ်ထဲက သဲသောမူသဲသောခွားရွာထဲကို ဂျက်တိုက်လေယာဉ်နဲ့ နှစ်ကြိမ် ဗုံး ခြောက်လုံး ကြဲချလို့ ဒေသခံအရပ်သား အသက် ၂၈ နှစ်အရွယ် စောဘဘယ်စယ်ဖိုး ဗုံးစထိမှန်ပြီး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (K.N.L.A) ပူးပေါင်းတပ်က အသက် ၂၃ နှစ်အရွယ် ရဲဘော်မေတ္တာလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KNU ကပြောပါတယ်။

ဩဂုတ်လ ၂၀ ရက်နေ့ကလည်း ခမရ - ၂၆၄ တပ်က ကျောက်တံခါးမြို့နယ် ပိန်းဇလုပ်မြို့ကနေ ကျောက်ကြီး မြို့နယ်အတွင်းက တလှဲခင်၊ လိန်ပင်၊ ငါးဖယ်အင်း ရွာတွေကို ၁၀၅ မမနဲ့ ၁၅၅ မမ ဟောင်ဝစ်ဇာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ ငါးဖယ်အင်းရွာက ခရစ်ယာန် ဘုရားကျောင်းတစ်ခုနဲ့ နေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ KNU က ဩဂုတ်လ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။

ဒီကိစ္စတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်လာတာမျိုး မရှိသေးပါဘူး။

စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးတင်ဦးကတော့ ညောင်လေးပင်ခရိုင်အတွင်းက မြို့နယ်တချို့ KNLA ပူးပေါင်းတပ်တွေ ဝင်လာကြောင်း သတင်းရတဲ့အတွက် နယ်မြေခံ တပ်ရင်းတပ်ဖွဲ့တွေနဲ့ ဒေသတည်ငြိမ်ရေးနဲ့ လုံခြုံရေး ဆောင်ရွက်နေပြီး လက်ရှိမှာလည်း တည်ငြိမ်အောင် ထိန်းသိမ်း ဆောင်ရွက် ထားနိုင်တယ်လို့ RFA ကို ပြောထားပါတယ်။

ဩဂုတ်လ ၁၈ ရက်နေ့မှာလည်း ကျောက်ကြီးမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှု လေးကြိမ်လုပ်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုကြောင့် အရပ်သား တစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရတဲ့အပြင် နေအိမ် လေးလုံး ထိခိုက်ပျက်စီးတယ်လို့ KNU ရဲ့ ဩဂုတ်လ ၁၉ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် ပဲခူးတိုင်း အရှေ့ခြမ်းက ဒေသခံတစ်သိန်းနီးပါး (၉၈,၁၀၀ ဦး) နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။