ကျောက်မဲမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး တိုက်ခိုက်ခံရပြီး နှစ်ဦးသေ၊ သုံးဦးဒဏ်ရာရ
2023.08.06
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ မြို့တော်ခန်းမအနီးက အမှတ် (၁) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ဩဂုတ်လ ၆ ရက်နေ့ မနက်ပိုင်းမှာ အမည်မသိလူနှစ်ဦးက သေနတ်နဲ့ ဝင်ရောက်ပစ်ခတ်ခဲ့တဲ့အပြင် လက်လုပ်ဗုံးနဲ့ ဖောက်ခွဲတိုက်ခိုက်တာကြောင့် ဝန်ထမ်းနှစ်ဦးသေဆုံးခဲ့ပြီး သုံးဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အမှတ် (၁) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဟာ မနက် ၁၁ နာရီဝန်းကျင်မှာ တိုက်ခိုက်ခံရပြီး အဲဒီရုံးအတွင်းမှာ ရောက်နေတဲ့ စည်ပင်ဝန်ထမ်းနဲ့ EPC ဝန်ထမ်းတို့ သေဆုံးခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"သေနတ်အရှည်နှစ်လက်နဲ့ ပစ်သွားတဲ့အခါကျတော့ နှစ်ယောက်က ပွဲချင်းပြီး သေသွားတာပေါ့။ စည်ပင်ဦးစီးမှူးပါတယ်။ နန့်မတူ-မန်တုံက EPC ဦးစီးမှူးလေးပေါ့။ သူကလည်း ရုံးကိစ္စ လာတာနဲ့တူတယ်။ အထွက်မှာတော့ လက်လုပ်ဗုံးတစ်ချက် လှမ်းပစ်လိုက်တယ်"
ကျောက်မဲမြို့ အမှတ်(၁) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဟာ မြို့တော်ခန်းမနောက်ဘက် လမ်းက လက်ဖက်ရည်ဆိုင်ဘေးမှာ ရှိပါတယ်။
ကျောက်မဲမြို့ပေါ်က စစ်ကောင်စီရဲ့ ရုံးဝန်ထမ်းတချို့ဟာ အဲဒီလက်ဖက်ရည်ဆိုင်ကနေ အစားအသောက်မှာယူပြီး အမှတ်(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဝင်းအတွင်း စားသောက်လေ့ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒါကြောင့် ဒီပစ်ခတ်မှုဖြစ်ချိန်မှာ အခြား စစ်ကောင်စီရုံးက ဝန်ထမ်းတွေလည်း ထိခိုက်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ဒီအပြင် ဝင်ရောက်ပစ်ခတ်သူနှစ်ဦးက လက်လုပ်ဗုံးနဲ့ ထပ်မံ ပစ်ခတ်ခဲ့တာကြောင့် နောက်ထပ် ဝန်ထမ်းသုံးဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
သေဆုံးထိခိုက်သူတွေရဲ့ အမည်နဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ RFA က အတည်မပြုနိုင်သေးပါဘူး။
ဩဂုတ်လ ၆ ရက်နေ့ ဒီမနက်မှာပဲ ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့ပေါ်က ဟိုတယ်တစ်ခုမှာ ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့ပြီး ထိခိုက်သေဆုံးမှုကို မသိရှိရသေးပါဘူး။
စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူ ဦးခွန်သိန်းမောင်ကို RFA က ဒီကနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကနေ ဇူလိုင်လကုန်အထိ ပြီးခဲ့တဲ့ ခြောက်လအတွင်း တိုက်ခိုက်မှုတွေကြောင့် နိုင်ငံဝန်ထမ်းတွေ အပါအဝင် ရှစ်ရာကျော် သေဆုံးခဲ့တယ်လို့ ဇူလိုင်လ ၃၁ ရက်မှာ ပြောဆိုခဲ့ပါတယ်။