ကျောက်ကြီးနဲ့ ဖြူးမြို့နယ်က ရေဘေးဒုက္ခသည်တွေ အကူအညီလိုအပ်

RFA Burmese
2024.09.15
ကျောက်ကြီးနဲ့ ဖြူးမြို့နယ်က ရေဘေးဒုက္ခသည်တွေ အကူအညီလိုအပ် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်ရှိ ဇေယျသေနတောရ ရွှေဒိုးတန်း ဘိုးဘွားရိပ်သာကျောင်းတွင် ခိုလှုံနေကြသည့် ရေဘေးဒုက္ခသည်များကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၃ နေ့က တွေ့ရစဉ်။
ဘိုးဘွားရိပ်သာကျောင်းဆရာတော်ဦးကုသလ

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်နဲ့ ဖြူးမြို့နယ်အနီးဝန်းကျင်က ကျေးရွာတွေမှာ စစ်တောင်းမြစ်ရေတက်လာပြီး ရေကြီးနေတာကြောင့် ကူညီကယ်ဆယ်ရေးလိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်နေ့က စတင်ပြီး စစ်တောင်းမြစ်ရေမြင့်တက်လာပြီး ရေဘေးသင့်နေရာက အခု စက်တင်ဘာလ ၁၅ ရက်နေ့အထိ ကူညီကယ်ဆယ်ရေးအဖွဲ့တွေ မရောက်သေးတာကြောင့် စားသောက်နေထိုင်ရေး ခက်ခဲနေကြရတယ်လို့ ဆိုပါတယ်။

စစ်တောင်းမြစ်ကမ်းဘေးတစ်လျှောက်က လက်ပံခုန်၊ အင်းရှည်၊ ကျောက်စောင်း၊ ကညှင်ဒိုင်း၊ ညောင်ပင်ဆိပ်၊ ငထွေစုတ်၊ ရွာမကြီး စတဲ့ကျေးရွာအများစု ရေလွှမ်းမိုးနေပြီး အကူအညီတွေလိုအပ်နေတယ်လို့ ဆိုပါတယ်။

စစ်တောင်းမြစ်ကမ်း ဖြူးမြို့နယ်နဲ့ ကျောက်ကြီးမြို့နယ်အစပ် အုတ်ဖြတ်တံတားအောက်ဘက်မှာရှိတဲ့ ဒိုးတန်းရွာမှာ အိမ်ခြေသုံးရာကျော်ရှိပြီး အကူအညီလိုအပ်နေတယ်လို့ ရွာခံတစ်ဦးက ပြောပါတယ်။

"စစ်တောင်းမြစ်ရေကို ဖြတ်ရမှာဆိုတော့ သူတို့လှေတွေမလာရဲဘူး။ ဘယ်ကယ်ဆယ်ရေးမှ ကျွန်တော်တို့ဆို မလာနိုင်ဘူး။ အခုမီးမလာဘူး။ ရေတက်တယ်။ ဒီညရေထပ်တက်မှာကို စိုးရိမ်တယ်။ ရေထပ်တက်ရင် နေထိုင်ဖို့ကို အဆင်မပြေတော့ဘူး။ အခုရှိတဲ့ဆန်လေးတွေစားပေါ့။ မရှိတဲ့သူတွေလည်း ခွဲဝေစားသောက်ပေါ့။ ဆန်လေးပြုတ်သောက်ပေါ့"

ပြီးခဲ့တဲ့ရက်ပိုင်းက တောင်ငူခရိုင်အတွင်း ရေကြီးတာကြောင့် ဒေသခံရှစ်သောင်းကျော်ကို ရေဘေးလွတ်ရာကို ပြောင်းရွှေ့ထားရပါတယ်။ စစ်တောင်းမြစ်အနီးအနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေလွှမ်းမိုးနေတာကြောင့် ရေဘေးသင့်နေကြတာပါ။‌

စစ်တောင်းမြစ်အောက်ပိုင်းဖြစ်တဲ့ ညောင်လေးပင်ခရိုင် မဒေါက်မြို့ အပါအဝင် စစ်တောင်းမြစ်ဘေးက ရွာတွေမှာလည်း ရေစတင်နစ်မြုပ်နေပြီး ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ကူညီနိုင်ဖို့ ကြိုးစားနေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။