ကျောက်ဖြူမှာ အရပ်သားလေးဦး ဖမ်းဆီးခံရပြီး အဆက်အသွယ် ပြတ်တောက်နေ
2023.12.19
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ ဒီဇင်ဘာလ ၁၈ ရက်နေ့က ဒေသခံရှစ်ဦးကို စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးခဲ့ပြီး ညပိုင်းမှာ လေးဦး ပြန်လွှတ်ပေးခဲ့ပေမယ့် လေးဦး အဆက်အသွယ် ပြတ်တောက်နေတယ်လို့ အဖမ်းခံရသူတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
အဆက်အသွယ် ပြတ်တောက်နေသူ လေးဦးဟာ ကျောက်ဖြူမြို့၊ င/လပွိ ရပ်ကွက်က အသက် (၁၈) နှစ်အရွယ် ကိုဆန်းဝင်းလှိုင်၊ အောင်စေတီရွာက အသက်(၄၅) အရွယ် ဦးမောင်သိန်းမြင့်၊ အသက် (၅၀) အရွယ် ဒေါ်မတင်ဝေနဲ့ (၄၆) နှစ်အရွယ် ဒေါ်ခင်မြသန်းတို့ဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်အထိ အဲဒီလေးဦးကို ဘယ်နေရာမှာ ဖမ်းဆီးထားလဲဆိုတာ မသိရဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာ စျေးရောင်းဖို့အသွား လမ်းမှာဖမ်းဆီးခံရသူတွေပါ ပါဝင်တယ်လို့ မိသားစုနဲ့နီးစပ်တဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“မြို့ပေါ်ကို စျေးသွားရောင်းတာကတော့ အမျိုးသမီးတွေ များတာပေါ့။ ဒါပေမဲ့ သူတို့ (စစ်ကောင်စီ) ကတော့ ဘာပဲဖြစ်ဖြစ် တွေ့ရာဖမ်းနေတာ။ အကြောင်းမရှိ အကြောင်းရှာကို ဖမ်းနေတာ။ ဧည့်စာရင်းဆိုပြီး ဖမ်းတာလည်း ရှိတယ်။ အိမ်ထောင်စုဇယားမှာ မပါလို့ဆိုပြီးလည်း ဖမ်းတယ်”
ဒီဇင်ဘာ ၁၇ ရက်နေ့ကလည်း ကျောက်ဖြူမြို့ကို စျေးရောင်းသွားတဲ့ ဂုံးချွိန်ရွာခံ ခြောက်ဦးနဲ့ ကျောက်တစ်လုံး ကယ်ဆယ်ရေးစခန်းက စျေးသည် (၁၃) ဦး စုစုပေါင်း (၁၉) ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီဇင်ဘာလ ၄ ရက်နေ့ကလည်း ကျောက်ဖြူမြို့မြို့နဲ့ တစ်မိုင်ခန့်အကွာမှာရှိတဲ့ အုန်းတော၊ ဂုံးရှိန်၊ လိပ်ခမော်နဲ့ မလကျွန်းရွာတွေက စျေးသည်အချို့ မြို့ပေါ်မှာ ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။
ကျောက်ဖြူမြို့နယ်မှာ နိုဝင်ဘာ ၁၃ ရက်နေ့နောက်ပိုင်းကစပြီး ဖမ်းဆီးခံရတဲ့အရပ်သား ငါးဆယ်ကျော်အထိ ရှိလာပြီလို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတွေ ဖမ်းဆီးခံရတဲ့အပေါ် တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
ရခိုင်မှာတိုက်ပွဲစဖြစ်တဲ့ နိုဝင်ဘာ ၁၃ ရက်နောက်ပိုင်း မြို့ချင်းဆက်လမ်းတွေအပြင် မြို့ပေါ်နဲ့ နယ်ဘက်ကို ဆက်သွယ်ထားတဲ့ ကုန်းလမ်း၊ ရေလမ်းတွေကိုပါ စစ်ကောင်စီတပ်က ပိတ်ဆို့ထားပါတယ်။