ကျောက်ဖြူမြို့နယ်မှာ ရိက္ခာသယ်ယူတဲ့ ဒေသခံခုနစ်ဦး စစ်ကောင်စီ ဖမ်းဆီး

RFA Burmese
2024.09.12
ကျောက်ဖြူမြို့နယ်မှာ ရိက္ခာသယ်ယူတဲ့ ဒေသခံခုနစ်ဦး စစ်ကောင်စီ ဖမ်းဆီး ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့အား ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့က တွေ့ရစဉ်။
We Love Kyaukpyu Photo

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းက ကျေးရွာတွေကနေ တရားမဝင် ရိက္ခာသယ်ယူတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေသခံခုနစ်ဦးကို စစ်ကောင်စီ ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ပြောပါတယ်။

စက်တင်ဘာ ၁ ရက်နေ့က ကညင်တောရွာအနားမှာ အမျိုးသမီး တစ်ဦးနဲ့ အမျိုးသား ငါးဦးကို ဖမ်းဆီးခံခဲ့ရပြီး စက်တင်ဘာ ၇ ရက်နေ့မှာလည်း ချောင်းကြီးဖျားရွာနားမှာ အမျိုးသမီး တစ်ဦးဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။

ဖမ်းဆီးထားသူတွေကို ကျောက်ဖြူ မြို့မရဲစခန်းမှာ ထိန်းသိမ်းထားပြီး မိသားစုနဲ့ ဆက်သွယ်ခွင့်မရဘူးလို့ ကျောက်ဖြူမြို့ခံတစ်ဦးက RFAကို ပြောပါတယ်။

"သူတို့ရွာတွေကနေ တခြားနီးစပ်ရာရွာတွေကို သွားဝယ်ရင်း ဖမ်းဆီးခံရတာပေါ့။ ကျောက်ဖြူမှာ ဆေးဆိုအကုန်
ပြတ်နေတာပေါ့နော်။ ခေါက်ဆွဲခြောက်ဆို ရှိကိုမရှိတော့တာ။ အဓိကကတော့ ဆန်လိုက်ဝယ်ရင်း အဖမ်းခံရတာပြောတယ်"

ဖမ်းဆီးခံထားရတဲ့ အရပ်သားတွေထဲမှာ အသက်လေးဆယ်ကျော်အရွယ် အမျိုးသမီး နှစ်ဦးနဲ့ အမျိုးသား ငါးဦးတို့ ပါဝင်ပြီး နာမည်နဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။

ဒီကိစ္စနဲ့ ပက်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်မှု ပြင်ပရောက်နေတာကြောင့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ပြီးခဲ့တဲ့ စက်တင်ဘာ ၈ ရက်နေ့ကလည်း ကျောက်ဖြူမြို့နယ်အတွင်းမှာ စားနပ်ရိက္ခာ တရားမဝင် သယ်ဆောင်တဲ့ဆိုတဲ့ စွပ်စွဲချက်နဲ့ အမျိုးသမီး လေးဦးကို စစ်ကောင်စီဖမ်းဆီးကာ ထောင်ဒဏ် တစ်လစီ ပြစ်ဒဏ်ချလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။