ကျောက်တံတား အခွန်ဦးစီးမှူးရုံး ပေါက်ကွဲမှုဖြစ်ပြီး ခြောက်ဦးဒဏ်ရာရ

RFA Burmese
2023.06.05
ကျောက်တံတား အခွန်ဦးစီးမှူးရုံး ပေါက်ကွဲမှုဖြစ်ပြီး ခြောက်ဦးဒဏ်ရာရ ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ်ရှိ အခွန်ဦးစီးမှူးရုံး ၂၀၂၃ ခုနှစ်၊ ဇွန် ၅ ရက်နေ့က ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် တွေ့ရစဉ်။
Citizen Journalist

ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်၊ (၄) ရပ်ကွက်၊ ပန်းဆိုးတန်း (အလယ်) လမ်းက အခွန်ဦးစီးမှူးရုံးမှာ ဇွန်လ ၅ ရက် ဒီနေ့နေ့လယ် ၁၂ နာရီဝန်းကျင်က ပေါက်ကွဲမှု ဖြစ်ခဲ့ တာကြောင့် အခွန်ဝန်ထမ်း ဒုဦးစီးမှူးအပါအဝင် ခြောက်ဦး ဒဏ်ရာရခဲ့တယ်လို့ ကျောက်တံတားမြို့ခံတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ အခွန်ထမ်းများဆိုင်ရာ အခွန်ဦးစီးမှူးရုံး (၃)၊ သုံးလွှာမှာရှိတဲ့ ကုမ္ပဏီများ ဆိုင်ရာအခွန်ဌာနမှာ ပေါက်ကွဲမှုဖြစ်ခဲ့တာလို့ ကျောက်တံတားမြို့ခံတွေက ပြောပါတယ်။ 

ပေါက်ကွဲမှုကြောင့် အခွန်ဌာနဝန်ထမ်း အသက် ၃၀ အရွယ် ဒုဦးစီးမှူးမဖြိုးဖြိုးအောင်၊ အသက် ၃၀ အရွယ် မမြတ်မှူးခင်၊ အသက် ၆၁ နှစ်အရွယ်ဒေါ်ခင်လတ်၊ အသက် ၃၀ အရွယ် မအဥ္စနနဲ့ အဲဒီနေရာကို ရောက်နေတဲ့ ပြည်သူ အသက် ၂၀ အရွယ် မဆုနှင်းဦးနဲ့ အသက် ၃၀ အရွယ် မချယ်ရီတို့ပါ ဒဏ်ရာရခဲ့တယ်လို့ စစ်ကောင်စီဘက် သတင်းတွေ ရေးသားနေတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ဖော်ပြထားပါတယ်။

လက်ရှိမှာ ဒဏ်ရာရသူတွေကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးထံ ပို့‌ဆောင်ထားပြီး ဆေးကု ပေးနေတယ်လို့လည်း ဆိုပါတယ်။

ပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်သား အင်အားအများအပြား လမ်းတွေပိတ်ဆို့ စစ်ဆေးခဲ့တဲ့အပြင် အနီးအနားက CCTV ကင်မရာတွေပါ တောင်းယူစစ်‌ဆေးခဲ့တယ်လို့ ကျောက်တံတားမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဗုံးပေါက်ကွဲသံက အကျယ်ကြီး လန့်သွားတာပဲ။ အခွန်ရုံးမှာပေါက်တာလို့ကြားတယ်။ ပေါက်တုန်းက အပြင်မထွက်ရဲဘူး။ စစ်သားနဲ့ ရဲတွေအများကြီး  လမ်းတွေပိတ်ပြီး ပိုက်စိပ်တိုက်စစ်နေတာ။  အနီးအနားတစ်ဝိုက်က CCTV တွေလည်း အတင်းကို တောင်းစစ်တယ်။ ဗုံးပေါက်တော့ အခွန်ရုံးက အမျိုးသမီး ဒုဦးစီး အပါအဝင်ပေါ့ ခြောက်ယောက် ထိတယ်ကြားတယ်။ သေတာတော့ မကြားမိသေးဘူး”

ဒီပေါက်ကွဲမှုကို ရန်ကုန်မြို့ပြ ပြောက်ကျားတပ်ဖွဲ့က လုပ်ဆောင်တာလို့ သတင်းတွေ ထွက်နေပေမယ့် အဲဒီအဖွဲ့က သတင်းထုတ်ပြန်တာမရှိသေးသလို ဘယ်အဖွဲ့က လုပ်ခဲ့ သလဲဆိုတာကိုလည်း RFA အနေနဲ့ သီးခြားအတည်နိုင်ခြင်း မရှိသေးပါဘူး။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ရန်ကုန်တိုင်းစစ်ဒေသခွဲကတော့ ရန်ကုန်တိုင်းမှာ မြို့ပြ ပြောက်ကျားလှုပ်ရှားမှုတွေနဲ့ စစ်ကောင်စီထောက်တိုင်တွေကို တိုက်ခိုက်ခဲ့ရာကနေ ဇွန်လ ၁ ရက်နေ့မှာတော့ ပထမဆုံးရန်ကုန် တပ်ရင်း ၅၁၀၁ ကို ဖွဲ့စည်းလိုက်ပြီလို့ ကြေညာထားပါတယ်။

မြို့ပြပြောက်ကျားအဖွဲ့တွေကိုစုဖွဲ့ပြီး တပ်ရင်း ၅၁၀၁ ကို ဖွဲ့စည်းလိုက်တာမဟုတ်လို့ မြို့ပြပြောက်ကျားအဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေကတော့ ဆက်ရှိနေမှာလို့ NUG ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောထားပါတယ်။  

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။