စည်းကမ်းမဲ့ အမှိုက်မပစ်ကြဖို့ လှုံ့ဆော်ရင်း အမှိုက်ကောက်
2016.04.15
နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဌ ဦးကျော်သူ ဦးဆောင်တဲ့အဖွဲ့ဟာ ပြည်သူတွေ စည်းကမ်းမဲ့အမှိုက် မပစ်ဖို့လှုံ့ဆော်ရေး အစီအစဉ်အနေနဲ့ ရန်ကုန်မြို့တွင်းမှာ ဒီကနေ့ အမှိုက်တွေကို လိုက်ကောက်ကြပါတယ်။
သြင်္ကန်တွင်း အမှိုက်ပစ်တဲ့လူတွေများတဲ့အတွက် အမှိုက်တွေ စည်းကမ်းမဲ့မပစ်ကြဖို့အတွက် လိုက်လံနှိုးဆော်ရင်း အမှိုက်တွေကောက်တာဖြစ်တယ်လို့ ဦးကျော်သူက ပြောပါတယ်။
"မဏ္ဍပ်တွေမှာ အမှိုက်တွေ တော်တော်လေးပွနေတာတွေ့တော့ ဒါတွေမဖြစ်သင့်ဘူး၊ ရေပက်ခံတဲ့ကားပဲ ပစ်တာပဲဖြစ်ဖြစ်၊ မဏ္ဍပ်ကပဲ ပစ်တာပဲဖြစ်ဖြစ်၊ ဒါမျိုးတွေမဖြစ်ရဘူးဆိုပြီး ကျနော်တို့ လှုံ့ဆော်ရေးတစ်ခု လုပ်ထားတာပါ၊ ဒီနေ့ကပဲ စဖြစ်တာ မနက်ဖြန် ၁ ရက်ပဲ ကျန်တော့မှာပေါ့၊ နောက်နေ့ကစပြီး ကျနော်တို့ အခြေအနေပေးသလို လုပ်ရမှာပဲ၊ ဒီမှာရှိတဲ့ ရေကားတွေပေါ်ကလည်း ဒီဟာကိုအရမ်းသဘောကျတယ်၊ သူတို့အမှိုက်မပစ်တော့ဘူး ဘာညာဒီလိုတွေပြောသွားတာ၊ အများကြီးကို ကျနော်တို့ ပီတိဖြစ်ရတယ်"
နာရေးကူညီမှုအသင်း (ရန်ကုန်) နဲ့ အင်းစိန်မြို့နယ် ဗြဟ္မာဝိဟာရအသင်းက လူငယ်တွေလည်းပါဝင်ခဲ့ကြပြီး "ကိုယ့်အမှိုက် ကိုယ်ရှင်း" ဆိုတဲ့စာသားပါတဲ့ဗီနိုင်းတွေကိုင်ပြီး စုစုပေါင်း လူအယောက် ၂ဝ လောက် ပါဝင်ကြပါတယ်။
ရန်ကုန်မြို့ ပါရမီလမ်းနဲ့ ကမ္ဘာဘုရားလမ်းထောင့် မီးပွိုင့်ကနေစပြီး ရေကစားမဏ္ဍပ်တွေ၊ ရေပက်ခံကားတွေက စွန့်ပစ်လိုက်တဲ့အမှိုက်တွေကို လိုက်ကောက်ခဲ့ကြတာဖြစ်ပါတယ်။
ဒါ့အပြင် သုဝဏ္ဍဘောလုံးကွင်းရှေ့၊ တာမွေ၊ ဗဟန်းမြို့နယ် ဦးချစ်မောင်လမ်းပေါ်တွေမှာလည်း အမှိုက်မပစ်ဖို့ လှုံ့ဆော်ရေးတွေ အလားတူလုပ်ခဲ့ကြပါတယ်။