ထောင် ၁၉ နှစ် ကျခံနေရတဲ့ NLD အမတ်ကို သေဒဏ်ချမှတ်နိုင်တဲ့ပုဒ်မနဲ့ တရားထပ်စွဲ
ပဲခူးတိုင်း၊ ပြည်မြို့၊ အကျဉ်းထောင်မှာ ထောင်ဒဏ် ၁၉ နှစ်ကျခံနေရတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျကို သေဒဏ်ထိ အမြင့်ဆုံးပြစ်ဒဏ်ချမှတ်နိုင်တဲ့ အမှုနှစ်ခုနဲ့ ထပ်တိုးတရားစွဲဆိုထားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက မေလ ၁၆ ရက်နေ့မှာ RFA ကို ပြောပါတယ်။
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၄၉ (က) နဲ့ အမှုနှစ်ခု ထပ်တိုးခဲ့တာဖြစ်ပြီး အဲဒီအမှုနှစ်ခုအတွက် အကျဉ်းထောင်တွင်းတရားရုံးက မေလ ၁၉ ရက်မှာ စတင်စစ်ဆေးဖို့ ရှိတယ်လို့ ဆိုပါတယ်။
ဒီပုဒ်မတွေနဲ့ ထပ်တိုးတရားစွဲတဲ့အပေါ် မိသားစုက စိုးရိမ်နေတယ်လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
"၁၉ နှစ်ထိတောင် ထောင်ချထားပြီဆိုတော့ ပြီးပြီထင်နေတာ။ အခု အမှုနှစ်ခု ထပ်တိုးတယ်။ နိုင်ငံရေးမှုအတွက် ရှေ့နေလိုက်ဖို့လည်း နည်းနည်းရှာရခက်နေတာ။ အမှုကကြီးတော့ ရှေ့နေရစေချင်တယ်"
ဘယ်အကြောင်းအရာတွေအတွက် အခုလို တရားစွဲတယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ သူကပြောပါတယ်။
ဦးကျော်ဇေယျကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်က ပြည်မြို့၊ အကျဉ်းထောင်တွင်း တရားရုံးကနေ ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၅ (က) နဲ့ နှစ်မှု၊ ရာဇသတ်ကြီးဥပဒေပုဒ်မ - ၁၃၀ (က)၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ - ၂၅ တို့အပြင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ တစ်မှု၊ မြန်မာနိုင်ငံ ယစ်မျိုးအက်ဥပဒေနဲ့တစ်မှု၊ စုစုပေါင်း အမှုခြောက်ခုအတွက် ထောင်ဒဏ် ၁၉ နှစ် ချမှတ်ထားတာပါ။
စစ်ကောင်စီတပ်သားတွေက ဦးကျော်ဇေယျကို ၂၀၂၂ ခုနှစ်၊ ဇွန်လ ၉ ရက်မှာ ဖမ်းဆီးခဲ့ပြီး ရန်ကုန်မြို့၊ ရေကြည်အိုင်စစ်ကြောရေးနဲ့ ပြည်မြို့ ဒ.က.စ စစ်ကြောရေး နှစ်ခုမှာ နှစ်လအကြာ စစ်ဆေးခဲ့ပါတယ်။ စစ်ကြောရေးကာလမှာလည်း ပြင်းပြင်းထန်ထန် နှိပ်စက်ခံခဲ့ရတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဦးကျော်ဇေယျဟာ ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ တိုင်းလွှတ်တော် ကိုယ်စားလှယ်အဖြစ် ၂၀၁၅ ခုနှစ်နဲ့ ၂၀၂၀ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲ နှစ်ကြိမ်ဆက်တိုက် အနိုင်ရခဲ့ပါတယ်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ NLD ပါတီက ထောက်ခံမှု ၈၂.၄ ရာခိုင်နှုန်းနဲ့ အနိုင်ရရှိခဲ့ပေမယ့် မဲမသမာမှုတွေရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်တပ်က အဲဒီ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ပြီး အာဏာသိမ်းခဲ့ပါတယ်။
NLD ပါတီရဲ့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်း နှစ်နှစ်အတွင်းမှာ ဖမ်းဆီးခံခဲ့ရတဲ့ လွှတ်တော် ကိုယ်စားလှယ် ၁၂၄ ဦး ရှိပြီး အဲဒီအထဲက ၈၀ ဦးဟာ အကျဉ်းထောင်အသီးသီးမှာ ဆက်လက်ဖမ်းဆီးခံထားရဆဲဖြစ်ပါတယ်။