ကျိန္တလီမြို့ပေါ်က စစ်ကောင်စီတပ်စခန်းတွေကို AA ထိုးစစ်ဆင်နေ
2024.08.13
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းနှစ်ခုနဲ့ မြို့မရဲစခန်းကို သြဂုတ်လ ၁၂ ရက်နေ့ကစလို့ အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ဒီနေ့မှာလည်း မြို့အတွင်း တိုက်ပွဲပြင်းထန်နေတယ်လို့ မြို့ခံတွေက RFA ကိုပြောပါတယ်။
ကျိန္တလီမြို့အမှတ် (၁) ရပ်ကွက်နဲ့ အမှတ် (၃) ရပ်ကွက်တွေမှာ တိုက်ပွဲပြင်းထန်နေတာဖြစ်ပြီး စစ်ကောင်စီတပ်ကလည်း စစ်ရေယာဉ်ကနေ လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြို့ပေါ်မှာ ပိတ်မိနေသူတစ်ဦးက RFA ကို ပြောပါတယ်။
“တိုက်ပွဲက မနေ့က မနက်ပိုင်းကတည်းက ပြင်းထန်နေတာ။ မနေ့က တစ်ရက်လုံး၊ တစ်ညလုံး ဖြစ်တယ်။ ဒီနေ့မှာလည်း မနက် ၆ နာရီကတည်းက ဖြစ်နေတာ။ စစ်တပ်ကလည်း နေဗီကနေ လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတယ်။ အခု မြို့ထဲကိုကျတာ အလုံး သုံးဆယ်လောက်တောင် ရှိပြီ”
AA က ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်စခန်းနှစ်ခုဟာ သံတွဲမြို့နယ်မှာ တိုက်ပွဲပြင်းထန်ပြီးနောက် စစ်ကောင်စီတပ်က နေရာယူထားတဲ့ တပ်စခန်းဖြစ်တယ်လို့လည်း ဆိုပါတယ်။
ကျိန္တလီမြို့မှာ ရပ်ကွက်သုံးခု၊ အိမ်ခြေ နှစ်ထောင်ဝန်းကျင်နဲ့ လူဦးရေ တစ်သောင်းခန့်ရှိပြီး အများစုကတော့ ဘေးလွတ်ရာကို ထွက်ပြေးသွားကြပြီလို့ဆိုပါတယ်။ လက်ရှိမြို့ပေါ်မှာ ပိတ်မိနေတဲ့သူတွေရဲ့ အရေအတွက်ကိုတော့ အတိအကျ မသိရသေးပါဘူး။
ကျိန္တလီမြို့ကို အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်နေတာနဲ့ ပတ်သက်လို့ AA ပြောခွင့်ရ ဦးခိုင်သုခကို RFA က မေးမြန်းထားဆဲ ဖြစ်ပါတယ်။
ဒီ့အပြင် စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။
ရခိုင်ပြည်နယ် မောင်တောမြို့မှာလည်း စစ်ကောင်စီရဲ့ တစ်ခုတည်းသာကျန်တော့တဲ့ အမှတ် (၅) နယ်ခြားစောင့်စခန်းနဲ့ သံတွဲမြို့ မောင်ရွှေလေး ရေတပ်စခန်းကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။