ကျုံပျော်မှာ တစ်လအတွင်း လူကိုးဆယ်ခန့် ဖမ်းဆီးခံရ

RFA Burmese
2024.09.03
ကျုံပျော်မှာ တစ်လအတွင်း လူကိုးဆယ်ခန့် ဖမ်းဆီးခံရ ကျုံပျော်မြို့နယ် အထောင်မြို့ ရေတံခွန်ကျောင်းတိုက်ဓမ္မာရုံတွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်သည့် အသိပညာပေးဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ် မတ်လ ၁၈ ရက်နေ့က ပြုလုပ်ခဲ့စဉ်။
MOI

ဧရာဝတီတိုင်း ကျုံပျော်မြို့နယ်ထဲမှာ သြဂုတ်လ တစ်လအတွင်း ဒေသခံတွေနဲ့ ရခိုင်ပြည်နယ်က စစ်ဘေးတိမ်းရှောင်လာသူ အမျိုးသားကိုးဆယ်ခန့်ကို စစ်ကောင်စီတပ်က ဧည့်စာရင်းအကြောင်းပြချက်နဲ့ ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက စက်တင်ဘာ ၃ ရက် ဒီနေ့မှာ ပြောပါတယ်။

အသက် ၁၈ နှစ်ကနေ အသက် ၄၀ အရွယ်ရှိတဲ့ စစ်ဘေးတိမ်းရှောင်လာသူတွေနဲ့ ဒေသခံတွေကို ဧည့်စာရင်းစစ်၊ ဖမ်းဆီးတာနဲ့ ညအချိန် အပြင်ထွက်တဲ့ လူငယ်၊ လူရွယ်တွေကို လိုက်လံဖမ်းဆီးတာလို့ ဆိုပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းဖို့ လူသစ် စုဆောင်းတဲ့အနေနဲ့ ဖမ်းဆီးတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ညဘက် ဧည့်စာရင်းစစ်ရင်းနဲ့ ဖမ်းတာတို့ အဲဒါတွေက ကျုံပျော်မှာ တော်တော်လေး လုပ်နေတယ်။ စစ်ဘေးရှောင်တင် ဖမ်းတာမဟုတ်ဘူး။ ဒေသခံတွေပါ ပါတယ်။ ဖမ်းပြီးတော့ စစ်သား စုဆောင်းတာလေ ကိုးဆယ်လောက်ရှိတယ်”

သြဂုတ်လ တတိယပတ်အတွင်းမှာ သံတွဲမြို့နယ်နဲ့ ဂွမြို့နယ်ကလည်း စစ်ဘေးတိမ်းရှောင်လာတဲ့ ရခိုင်အမျိုးသား သုံးဆယ်ခန့်ကို ကျုံပျော် မြို့မဈေးအနီးမှာ အစုလိုက်အပြုံလိုက် ဖမ်းဆီးခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေကို ကျုံပျော်မြို့အခြေစိုက် ခလရ-၃၆ တပ်ရင်းမှာ ထိန်းသိမ်းထားတာရှိသလို စစ်မှုထမ်းဖို့အတွက် သက်ဆိုင်ရာ စစ်သင်တန်းကျောင်းတွေကို ပို့ခဲ့တာလည်း ရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာတော့ ကျုံပျော်မြို့မှာ နေ့ပိုင်း ဆိုင်ကယ်စီးနင်းသူတွေကို ယာဥ်ထိန်းရဲနဲ့ စစ်ကောင်စီတပ်တို့က စစ်ဆေးတာတွေ လုပ်နေသလို ညပိုင်းမှာလည်း ခလရ - ၃၆ တပ်ရင်းက စစ်ကောင်စီတပ်သားတွေက ဧည့်စာရင်းစစ်တာနဲ့ ဖမ်းဆီးတာတွေ တိုးလုပ်လာတယ်လို့ နောက်ထပ် ကျုံပျော်မြို့ခံတစ်ဦးက ပြောပါတယ်။

“အခုက တွေ့တဲ့သူ အကုန်စွဲတာပေါ့။ ဒီကြားထဲ သူတို့မထင်ရင် မထင်သလို အိမ်တွေပါ ဝင်စစ်တယ်။ လမ်းတွေ့ရင် ဖမ်းရုံတင်မဟုတ်ဘူး။ အိမ်တွေပါ ဝင်စစ်ပြီး အကုန်ဖမ်းနေတာလို ဖြစ်နေတယ်။ ဆွဲတာတော့ ညပိုင်း တောက်လျှောက်ပဲ။ သူတို့က အချုပ်ကားပါရင်ပါ။ မပါရင် စစ်ကားအကြီးကြီးပေါ့နော်။ အဲဒါမျိုး တစ်စီးပါလာတယ်”

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်ကို RFA ဒီနေ့မှာ တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ပြီးခဲ့တဲ့ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီအတွင်းမှာလည်း ကျုံပျော်မြို့နယ်၊ အထောင် တိုက်နယ်မှာရှိတဲ့ ရွာသုံးရွာက ဒေသခံဆယ်ဦးကျော်ကို နိုင်ငံရေး လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခဲ့သလို မဂူရိုးရွာက ရာအိမ်မှူးနဲ့ ဆယ်အိမ်မှူးတွေ သတ်ဖြတ်ခံရမှုနဲ့ဆက်စပ်ပြီး ဒေသခံခုနစ်ဦးထက်မနည်းကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။