စစ်ကောင်စီစစ်ကြောင်းထိုးတာကြောင့် ကျွန်းလှဒေသခံထောင်ချီ ထွက်ပြေးရ

RFA Burmese
2024.11.20
စစ်ကောင်စီစစ်ကြောင်းထိုးတာကြောင့် ကျွန်းလှဒေသခံထောင်ချီ ထွက်ပြေးရ စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် လိပ်ဆင်းတောင်ရွာအတွင်း ကားတချို့ မီးလောင်ကျွမ်းနေသည့်မြင်ကွင်းအား ၂ဝ၂၄ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့က တွေ့ရစဉ်။
ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့

စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ် ကုက္ကိုလ်ကုန်းရွာကို နိုဝင်ဘာ ၂၀ ရက်နေ့ညနေက စစ်ကောင်စီ စစ်ကြောင်းဝင်ရောက်မီးရှို့နေတဲ့အပြင် ရွာအနီးဝန်းကျင်ကို လေကြောင်းကနေပါ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ရွာရှစ်ရွာက ထောင်နဲ့ချီတဲ့ ဒေသခံတွေ ဘေးလွတ်ရာထွက်ပြေးနေရတယ်လို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။

စစ်ကြောင်းက ရွာထဲဝင်ရောက်မီးရှို့နေတာကြောင့် အရပ်သားတွေ ထွက်ပြေးနေရတယ်လို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

"စောစောပိုင်းကလည်း ဂျက်ဖိုက်တာနဲ့ ပစ်သွားတယ်၊ စစ်ကြောင်းကလည်း အဲနားရှိနေတုန်းပဲ၊ မီးရှို့ခံရတဲ့ အိမ်ခြေလည်း မသိရသေးဘူး၊ စစ်ကြောင်းက ရွာထဲက တိုက်နယ်ဆေးရုံမှာ ထိုင်နေတယ်လို့ သိရတယ်၊ ရွာတွေက အဲနားပတ်ပတ်လည်ဆို အကုန်ရှောင်ရမယ်၊ တကုန်း၊ ကုက္ကိုကုန်းရွာက အုပ်စုရွာဆိုတော့ လေးရွာပတ်ပတ်လည်ပေါ့၊ အနည်းဆုံး ရှစ်ရွာလောက်ရှိမယ်"

တကုန်း၊ ကုက္ကိုကုန်း၊ သံပုရာပင်စု၊ မြဘုံသာ၊ ဘအင်းသရက်တော၊ တောင်ယာဆိပ်၊ မြင်သာဦး၊ လွှတ်တိုက်၊ မတောင် စတဲ့ ရွာဆယ် ရွာလောက်က ဒေသခံ ငါးထောင်ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့လည်း ဆိုပါတယ်။

ကုက္ကိုကုန်းရွာအနီးကို ဒရုန်းနဲ့ ဗုံးသီး ခြောက်ဆယ်လောက် ကြဲချတိုက်ခိုက်နေတာကြောင့် စစ်ဘေးဒုက္ခသည်တွေ ထိမှန်မှာကိုလည်း စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။

လက်ရှိစစ်ကြောင်းမှာ အင်အား နှစ်ရာဝန်းကျင်ရှိပြီး နောက်ထပ် တစ်ရာလောက်လည်း ထပ်ရောက်နေတယ်လို့ ဆိုပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၈ ရက်နေ့ကလည်း ကန့်ဘလူမြို့နယ် တောင်ခြမ်း ရွှေဘို-မြစ်ကြီးနားဗျူဟာလမ်းပိုင်းကို စစ်ကောင်စီက ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ခရီးသွားကားကို ထိမှန်ပြီး ဘုန်းကြီးတစ်ပါး ပျံလွန်တော်မူခဲ့တဲ့အပြင် အမျိုးသားနှစ်ဦး၊ အမျိုးသမီးတစ်ဦး သေဆုံးခဲ့သလို ခရီးသည်ဆယ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကျွန်းလှတက်ကြွသူများအဖွဲ့က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ကျွန်းလှမြို့နယ် လိပ်ဆင်းတောင်ရွာကို နိုဝင်ဘာ ၁၇ ရက်နေ့ညနေမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသားတစ်ဦးသေဆုံးပြီး နေအိမ်တွေနဲ့ ကားတွေ ထိခိုက်ပျက်စီးခဲ့ကြောင်း ကျွန်းလှဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာ ၃၀ ရက်နေ့ဝန်းကျင်ကစပြီး စစ်ကောင်စီတပ်က ကန့်ဘလူခရိုင်ထဲက ရွာတွေကို နေ့တိုင်းနီးပါး စစ်ကြောင်းထိုးနေတဲ့အပြင် ဒရုန်းနဲ့ ဗုံးသီးချတာ၊ လေကြောင်းတိုက်ခိုက်တာတွေ လုပ်နေတာလို့ ကန့်ဘလူဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီက စစ်ကြောင်းထိုးချိန်အတွင်း ကန့်ဘလူခရိုင်ထဲက နေအိမ်တွေ ထောင်နဲ့ချီ မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့လည်း ဒေသခံ အရပ်ဘက်အဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။